အက်ဒယ်လင်း နန်းတော်၏ စိုက်ပျိုးရေးဝန်ကြီးဌာနရှေ့တွင် ကားများတန်းစီ၍ရပ်ထားကြ၏။ ကျေးရွာများဆီသို့ စိုက်ပျိုးနည်းပညာအသစ်များ မျှဝေဟောပြောရန်အတွက် တာဝန်ရှိသူဝန်ထမ်းများနှင့် ဘော်လန်တီယာ တက္ကသိုလ်ကျောင်းသား ကျောင်းသူများအားလုံး လူစုံတက်စုံရောက်ရှိနေကြပြီ။ ကြင်ရာတော်မင်းသားလေးပါ အတူလိုက်ပါမည့်ခရီးစဥ်မို့ အားလုံးက စိတ်လှုပ်ရှား၍ပျော်ရွှင်နေကြ၏။
သော်ကအား ကိုစံသာက ကားတံခါးကိုအဆင်သင့်ဖွင့်ပေးသည်။ သော်ကမှာ ကားထဲသို့မဝင်နိုင်သေးဘဲ နန်းဆောင်ဘက်သို့ လှမ်းမျှော်ကြည့်နေမိ၏။ "လိုက်မပို့ဘူး" ဟု ပြောထားသူက ပြတ်သားစွာဖြင့် အဆောင်တော်အောက်သို့ပင် လိုက်မလာခဲ့ပါချေ။
မယ်တော်ကြီးနှင့် မယ်မယ်တို့သည်ပင် ကားနားအထိရောက်လာ၍ သော်ကအားနှုတ်ဆက်ကြသေး၏။ မင်းသမီးလေး သဒ္ဒါမင်းဉာဏ်က လက်သီးဆုပ်လေးထိုးပေးလာပြီး Secret handshake လုပ်နည်းဖြင့် သော်ကအား နှုတ်ဆက်သည်။
"Bo boy ရေ တာ့တာနော် ... ကျန်းမာရေးဂရုစိုက်ပြီး အများကြီးကြိုးစားခဲ့ပါ"
သော်က က သဒ္ဒါမင်းဉာဏ်၏ခေါင်းကလေးအား အုပ်ကိုင်၍ နှုတ်ဆက်လိုက်ပြီး ကားထဲသို့ဝင်ထိုင်လိုက်ရသည်။ သော်က၏ ဘုရင်မင်းမြတ်ကတော့ တကယ်ပင် ရောက်မလာခဲ့ပါပေ။ သော်က ကားထိုင်ခုံနောက်မှီအား မှီချလိုက်ပြီး မျက်လုံးများကိုမှိတ်ထားလိုက်သည်။ ရင်ခွင်တစ်ခုလုံး လစ်ဟာနေသည့်ဒဏ်ကို စတင်၍ခံစားနေရပြီဖြစ်၏။ သော်က ဝင်ထိုင်ပြီးသည်နှင့် ကားတန်းကြီးသည် နန်းတော်အတွင်းမှ တန်းစီ၍ထွက်ခွါသွားကြတော့သည်။
ခေတ္တရာ စိုက်ပျိုးရေးဝန်ကြီးဌာန၏ အဆောက်အဦအကွယ်မှ ထွက်လိုက်ပြီး နန်းတော်ဂိတ်တံခါးဝသို့ ထွက်ခွါသွားကြသော ကားတန်းကြီးအားငေး၍ အံကြိတ်ထားမိသည်။ ရင်ဘတ်ထဲ၌လည်း စူး၍ပင်အောင့်နေရ၏။ တစ်ပါတ်တောင်ခွဲနေရမည်တဲ့လား။ တစ်မနက်နှင့်ပင် လူကနှုန်းချိနေရပြီ။ တစ်နှစ်လောက်သာခွဲနေရမည်ဆိုပါက ခေတ္တရာအသက်ငွေ့ငွေ့ပင် ကျန်တော့မည်မထင်။
YOU ARE READING
Our Neverland
RomanceMyanmar Boy Love Fiction ပင်လယ်ထဲမှာ ခရီးသွားရင်း မထင်မှတ်ဘဲ Black Hole ကြီးကနေလမ်းပျောက်ပြီး မြေပုံထဲမှာ ပျောက်နေတဲ့ Lost Country ထဲကိုရောက်သွားတဲ့ Boboy ဆိုတဲ့ကောင်လေးတစ်ယောက်... Lost Country က အိမ်ရှေ့စံ တော်ဝင်မင်းသားနဲ့ ရုတ်တရက် လက်ထပ်လိုက်ရသ...