အခန်း(၁၅)

137 3 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၁၅) 💋

“သူတို့နှစ်ယောက်က ဘယ်သူတွေလဲဆိုတာ မင်း ငါ့ကိုစုံစမ်းပေးပါ ခွန်မှိုင်း…”

“ဟင်…”

ဆိုင်ထဲကနေ ရှေ့ဆင့်နောက်ဆင့်ထွက်သွားကြတဲ့ လူငယ်နှစ်ယောက်ကိုကြည့်နေရာကနေ ခွန်မှိုင်းအကြည့်တွေက စော်ဘွားငယ်ဆီသို့ အံ့ဩစွာရောက်သွားလေတော့သည်။

“ဘာပြောလိုက်တာလဲ စော်ဘွားငယ်…”

“ခုနက ကော်ဖီဆိုင်ထဲကနေထွက်သွားတဲ့လူနှစ်ယောက်အကြောင်း စုံစမ်းခိုင်းတာလေ… ဘာလို့လဲ…”

“မစုံစမ်းပေးနိုင်ပါဘူး စော်ဘွားငယ်…”

“ဘာ…”

“ဟုတ်ပါတယ် စော်ဘွားငယ်… သူတို့နှစ်ယောက်က ဟိုမိန်းကလေးနဲ့ တစ်ခုခုပတ်သက်နေတယ်လို့ စော်ဘွားငယ်တွေးနေတယ်မို့လား… ကျွန်တော်လည်း အဲ့လိုတွေးမိတာဖြစ်လို့ မစုံစမ်းပေးနိုင်ပါဘူး…”

“ငါသိချင်တာက အဲ့ဒီလူနှစ်ယောက်အကြောင်းလေ… မယွင်းသစ္စာအကြောင်းစုံစမ်းခိုင်းလို့လား…”

“မယွင်းသစ္စာဟုတ်လား… အဲ့ဒီမိန်းကလေးနာမည်က မယွင်းသစ္စာဆိုတာကို စော်ဘွားငယ်ဘယ်လိုသိတာလဲ…”

“အဲ့ဒါ…”

ဆက်မပြောဘဲ ပတ်ဝန်းကျင်ကိုကြည့်နေတဲ့ စော်ဘွားငယ်ကိုကြည့်ကာ ခွန်မှိုင်း သက်ပြင်းတစ်ခုသာ ချလိုက်မိတော့၏။ ကြည့်ရတာ အဲ့ဒီမိန်းကလေးအကြောင်းကိုလည်း စော်ဘွားငယ် အကုန်အစင်သိပြီးနေပြီထင်သည်။ ဘယ်သူကများ စော်ဘွားငယ်ကို အဲ့ဒီမိန်းကလေးအကြောင်း စုံစမ်းပေးတာလဲ။ ဒီမြောက်ပိုင်းမှာ စော်ဘွားငယ်နဲ့ တော်တော်လေးရင်းနှီးတာဆိုလို့ စဝ်မဟာနွယ်သာရှိသည်။ မဟုတ်ရင် စဝ်တံခွန်ဦး။ ထိုနှစ်ယောက်ကလွဲပြီး ဘယ်သူကမှ စော်ဘွားငယ်ကို အဲ့လိုအကြောင်းတွေ စုံစမ်းပေးမှာမဟုတ်ပေ။ သူ့အထင် စဝ်မဟာနွယ်ကတော့ အဲ့လိုအကြောင်းတွေ စုံစမ်းပေးစရာအကြောင်းမရှိ။ အဲ့ဒါဆိုရင် စဝ်တံခွန်ဦးတစ်ယောက်သာ ကျန်လေတော့သည်။

“စော်ဘွားငယ်…”

သူခေါ်လိုက်တော့ စော်ဘွားငယ်က သူ့ကိုကြည့်လာ၏။

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Where stories live. Discover now