အခန်း(၃၁)

93 0 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၃၁) 💋

“အတိတ်ကိုပြန်မှတ်မိလာတဲ့အတွက်ပဲ ဝမ်းသာရမယ်… ဒါတွေအားလုံးက တောင်ပိုင်းစော်ဘွားငယ်ရဲ့ ကျေးဇူးကြောင့်ပဲ…”

ဒေါ်မယ်တင်တစ်ယောက် ယောက်ျားဖြစ်သူ၏ စကားများကိုနားထောင်ကာ မျက်နှာကို မဲ့ရွဲ့ထား၏။ မယွင်းသစ္စာ အိမ်ကိုပြန်ရောက်လာတဲ့အချိန်ကတည်းက သားကြီးဖြစ်သူ ဝေလျှံမင်းတစ်ယောက် အိမ်ကိုပြန်မလာသေးတာပဲဖြစ်သည်။

“စော်ဘွားတွေစားသုံးတဲ့ အကောင်းစားဆေးတွေနဲ့ သမီးလေးကို ကုသပေးထားတာဆိုတော့ အခုလို အမြန်ဆုံးပြန်သတိရလာတာတဲ့ မယ်တင်ရဲ့…”

ဒေါ်မယ်တင် ဦးဝင်းမောင်ကို ဘာမှပြန်မပြောဘဲ ဆန်ကောထဲက စပါးလုံးတွေကိုသာ ရွေးနေလေသည်။

“မယ်တင်…”

“ဘာလဲတော်…”

“ငါပြောနေတာတွေကို မင်း ကြားရဲ့လား…”

“ကျုပ် နားမလေးသေးပါဘူးတော် ကြားပါတယ်…”

“အဲ့ဒါဆိုရင် ဘာလို့ ဘာမှပြန်မပြောတာလဲ…”

“ဘာကို ပြန်ပြောရမှာလဲ… အခု ရှင့်သမီးပြန်ရောက်လာပြီလေ ဟုတ်တယ်မို့လား ဘာလိုနေသေးလို့လဲ…”

“မယ်တင်… ငါ့သမီးလေးပျောက်သွားရတာ မင်းတို့သားအမိတွေကြောင့်ဆိုတာ မေ့နေတာလား… အေး ငါ အခုကတည်းက ရှင်းရှင်းပြောထားမယ်နော်… ငါ့သမီးကို နောက်ထပ် တစ်ခုခုထပ်လုပ်ကြည့် မင်းတို့ သားအမိသုံးယောက်စလုံးကို ငါကိုယ်တိုင် သတ်ပြမယ်…”

ဦးဝင်းမောင်စကားကြောင့် ဒေါ်မယ်တင် ပခုံးကို အသာတွန့်ပြလိုက်တာ သူမအလုပ်သူမ ဆက်လုပ်နေလေတော့သည်။

“မယွင်း… မယွင်း…”

“ဟင်… မောင်ရှေးဦးစာဆို…”

အထုပ်အပိုးတွေနှင့် သူ့ကိုကြည့်ကာ မယွင်း၏အဖေက အံ့ဩနေလေသည်။

“မယွင်း ဘယ်မှာလဲဟင်… နေကောင်းရဲ့လား… အခုရော ဘယ်လိုနေသေးလဲ… ဘာတွေဖြစ်ခဲ့တာတဲ့လဲ ဦးလေး…”

အထုပ်အပိုးတွေက မန်ကျည်းပင်ကြီးအောက်က ခုံတန်းပေါ်မှာ ဖြစ်သလို ပစ်ချခဲ့ပြီး အိမ်ထဲသို့အမြန်ဝင်လာကာ စိုးရိမ်တကြီးမေးလာသည့် သူ့ကိုကြည့်ပြီး မယွင်းအဖေက မျက်လုံးပြူးနေပြန်၏။ ဖြစ်ချင်တော့ ဒေါ်မယ်တင် ထိုင်နေသည့် ခုံကို ခလုတ်တိုက်မိပြန်သေးသည်။

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Donde viven las historias. Descúbrelo ahora