အခန်း(၃၀)

113 1 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၃၀) 💋

တစ်သက်နဲ့တစ်ကိုယ် ငြိမ်သက်တိတ်ဆိတ်နေတဲ့ ဟော်နန်းကြီးက အခုချိန်မှာ ဆူညံပွက်လောရိုက်နေတော့၏။

“ဟော်နန်းအနောက်ဘက်မှာလည်း ရှင်းပါတယ် စော်ဘွားကြီး…”

“ဟော်နန်းပတ်ဝန်းကျင်မှာလည်း သူစိမ်းတွေကို မတွေ့ရပါဘူး…”

တစ်ယောက်ပြီးတစ်ယောက် စော်ဘွားကြီးကို အမျိုးမျိုး ပြောဆိုနေပေမယ့်လည်း စော်ဘွားကြီးကတော့ သားတော်ရဲ့မျက်နှာကိုသာ သေချာကြည့်နေလေသည်။ အမြဲတမ်း ငြိမ်သက်နေတတ်တဲ့ သားတော်က ဒီနေ့မှာလည်း ငြိမ်သက်လို့နေပါ၏။ သို့ပေမယ့် လှုပ်ရှားနေသော လက်ချောင်းများကို ကြည့်ခြင်းအားဖြင့် သားတော် ဘယ်လောက်အထိ စိတ်လှုပ်ရှားနေတယ်ဆိုတာကို သူ သိနေရလေသည်။

“ဟော်နန်းထဲမှာရော ဘာထူးဆန်းတာတွေ့မိသေးလဲ…”

“ဟင့်အင်း မတွေ့ပါဘူး စော်ဘွားကြီး…”

“သားတော်ပြောတဲ့ မိန်းကလေးကိုရော မင်းတို့တွေ တွေ့ဖူးလား…”

အားလုံးက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြလေသည်။ ဟော်နန်းထဲရှိသမျှ လူအားလုံးက သားတော်ပြောတဲ့မိန်းကလေးကို မတွေ့ဖူးတာကို သူကိုယ်တိုင်သိပါလျက် တမင်မေးနေတယ်ဆိုတာ သားတော်ကိုလည်း သိစေချင်လို့ပဲဖြစ်သည်။ သားတော်က ထိုမိန်းကလေးပျောက်သွားရတာ ဟော်နန်းထဲက တစ်ယောက်ယောက်ကြောင့်လို့ ထင်နေသဖြင့် အားလုံးရှေ့မှာတင် သားတော်သိအောင်လို့ သူ မေးနေခြင်းဖြစ်၏။

“တစ်ခါမှ မတွေ့ဖူးခဲ့ပါဘူး စော်ဘွားကြီး…”

သူ နားလည်စွာဖြင့်ပင် ခေါင်းကို အသာငြိမ့်လိုက်လေသည်။ ထို့နောက် သားတော်ကိုကြည့်လိုက်ကာ သားတော်အနားသို့ကပ်လိုက်ပြီး ပခုံးပေါ်သို့ လက်ကိုတင်လိုက်၏။

“သားတော်…”

သားတော်က သူခေါ်တာကို ဂရုမပြုဘဲ အဆောင်တော်ရှေ့မှာရှိနေသော ထိုင်ခုံကိုသာ ငေးစိုက်ကြည့်နေလေသည်။ သားတော်ရှေ့မှာလည်း တစ်ချိန်လုံးဒူးထောက်နေသည့် ခွန်မှိုင်း။ သားတော် ပြန်ရောက်ရောက်ချင်း ဘာမပြောညာမပြော ဒူးထောက်နေတာ အခုချိန်ထိပဲဖြစ်သည်။

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Where stories live. Discover now