အခန်း(၃)

236 5 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၃) 💋

ကျောင်းသွားဖို့အတွက် ခြေလှမ်းတွေက တက်ကြွနေခဲ့သည်။ ဒီမနက် ဈေးရောင်းရတဲ့ပိုက်ဆံကို အမေ့ကိုဝင်ပေးပြီးတာနဲ့ ကျောင်းကို ချက်ချင်းသွားရမယ်။ အတွေးနဲ့အတူ မယွင်း ခရမ်းရင့်ရောင် လွယ်အိတ်လေးကိုလွယ်ကို မှန်ကြည့်လိုက်မိလေသည်။ နှစ်တွေကြာပြီဖြစ်သည့် အတွက် သနပ်ခါးချေးများ ပေကျံနေသော မှန်ကိုကြည့်ကာ မယွင်း ပြုံးလိုက်မိ၏။  ရှင်မတောင် သနပ်ခါးအတုံးကြောင့် ညိုညိုညက်ညက် မယွင်းရဲ့အသားအရေသည် ဖြူဖွေးနေလေသည်။ မှန်ထဲမှမြင်နေရသော မျက်နှာကိုကြည့်ပြီးမှ မီးပူမတိုက်ထားသည့် ကျောင်းစိမ်းကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ဆွဲဆန့်လိုက်ပြီး အိမ်ထဲမှ ထွက်လာလိုက်တော့သည်။

“ကျောင်းသွားတော့မှာလား သမီး…”

အဖေ့အသံကြောင့် မယွင်း အဝတ်တွေလှန်းနေသော အဖေ့ကိုလှမ်းကြည့်လိုက်ကာ ဝမ်းနည်းသွားပြီး အဖေ့အနားသို့ အမြန်သွားလိုက်ကာ အဖေ့လက်ထဲကအဝတ်တွေကို ဆွဲယူပြီး လှမ်းပေးလိုက်လေသည်။

“အဖေရယ်… သမီး ကျောင်းကပြန်လာရင် လျှော်မှာပဲဟာကို ဘာလို့ အဝတ်တွေလျှော်နေရတာလဲ…”

“အဖေ မလျှော်ပါဘူး သမီးရယ်… သမီးအမေက မနက်က လျှော်ခဲ့တာ အဖေ့ကို လှန်းခဲ့ခိုင်းလို့ လှန်းနေတာပါကွယ်…”

အဝတ်တွေကိုကြည့်လိုက်တော့ ကိုကြီးနဲ့မမတို့ရဲ့အဝတ်တွေ ဖြစ်နေလေသည်။

“ကိုကြီးနဲ့မမတို့အဝတ်တွေကို အဖေက ကိုင်စရာလား အဖေရယ်… သမီးကိုပြောပါ သမီးလှန်းပေးမှာပေါ့…”

“သမီးလေးလည်း မနက်ခင်း ဈေးထရောင်းရတော့ ပင်ပန်းနေမှာပေါ့ကွယ်… အဖေက ဘယ်လိုလုပ်ပြီး ပြောရက်ပါ့မလဲ…”

“အဖေရယ်…”

မယွင်း ဝဲလာတဲ့မျက်ရည်ကို အံကြိတ်လျက်ဖြင့်ပင် ဖြေဖျောက်လိုက်ရလေသည်။

“အဖေ အိမ်ထဲမှာပဲနေပါ… သမီး ဒီအဝတ်တွေလှန်းခဲ့ပြီးမှ ကျောင်းကိုသွားတော့မယ် အဖေ…”

အဖေက ဘာမှမပြောတော့ဘဲ ခေါင်းတညိမ့်ညိမ့်ဖြင့် မယွင်းအနားကနေထွက်သွားကာ အိမ်ထဲသို့ ဝင်သွားလေတော့သည်။ မယွင်း ကိုကြီးနဲ့ မမတို့ရဲ့အဝတ်တွေကို အမြန်လှန်းလိုက်ပြီး အိမ်ထဲကနေ ထွက်လာလိုက်၏။

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Onde histórias criam vida. Descubra agora