အခန်း(၁)

1.2K 10 0
                                    

💕 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💕
💜 အခန်း(၁) 💜

စော်ဘွားဟူသည်မှာ ရှမ်းဘာသာဖြင့် ‘စဝ်’နှင့် ‘ဖ’ဟူသော စကားနှစ်လုံး ပေါင်းစပ်ထားခြင်းမှ ဆင်းသက်လာသည်။ ‘စဝ်’သည် ‘ပိုင်ဆိုင်သူ’ဟု အဓိပ္ပာယ်ရသည်။ ‘စဝ်’နှင့် ‘ဖ’ကို ပေါင်းစပ်သောအခါ မိုးကောင်းကင်တမျှ မြင့်မြတ်သောပိုင်ဆိုင်ခြင်း (ပိုင်ရှင်)ဟူ၍ အဓိပ္ပာယ်ဆောင်ပေသည်။ တစ်နည်းအားဖြင့် ကောင်းကင်တမျှပိုင်ဆိုင်သူ (အရှင်)ဟူ၍ ဖြစ်ပေသည်။

စော်ဘွားတို့သည် မိမိတို့၏ရိုက်ရာကိုဆက်ခံရန် သားတော်၊ ညီတော်၊ တူတော်များအနက်မှ သင့်လျော်ရာတစ်ဦးဦးကို ထီးရံနန်းရံအဖြစ် ရွေးချယ်ထား၍ ယင်းကို ‘ကျမိုင်း’ဟုခေါ်သည်။
💜💜💜💜💜💜💜

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်…။

စိမ်းစိမ်းစိုစိုနှင့် အညွန့်တလူလူတက်နေသော လှေကားထစ်စိုက်ပျိုးထားသည့် လက်ဖက် စိုက်ခင်းတွေကို မြင်ရသည်မှာ အမှန်တကယ် စိတ်ချမ်းမြေ့စရာကောင်းသော်လည်း သူ့အတွက်တော့ မဟုတ်ခဲ့ပါ။ အဝေးမှာစီးဆင်းနေသော ဇော်ဂျီမြစ်ကိုကြည့်ရသည်မှာ အေးချမ်းဖွယ်ကောင်းလှသော်လည်း ယခုအချိန်မှာတော့ သူ့အတွက် သက်ပြင်းချရုံမှတပါး မတတ်နိုင်ခဲ့။ ဖြတ်သန်းသွားကြတော့ လေနုအေးအေးလေးတွေကြောင့် ပုံမှန်အချိန်မှာဆိုရင် သူ့အတွက် ကျေနပ်စွာပြုံးလိုက်မိမှာမှန်သော်လည်း အခုတော့ သူ ဟန်ဆောင်ပြီးတောင်မှ မပြုံးနိုင်ခဲ့ပါ။

“စော်ဘွားကြီး…”

ငယ်သားတစ်ယောက်ရဲ့အသံကြောင့် သူ လှည့်ကြည့်လိုက်ရာ ငယ်သားတစ်ယောက်က ခေါင်းငုံ့လျက်နှင့် သူ့အနီးတွင် မတ်တပ်လာရပ်သည်ကို သူ တွေ့လိုက်ရလေသည်။

“ခွန်မှိုင်း… မင်း ရောက်လာပြီလား…”

“ဟုတ်ပါတယ် စော်ဘွားကြီး… ကျွန်တော်မျိုးကို ဘာများခိုင်းစရာရှိလို့ပါလဲ…”

ခွန်မှိုင်းဆိုတဲ့ငယ်သားက ခေါင်းငုံ့လျက်ပင် ပြန်ပြောလာ၏။ သူ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ သက်ပြင်းတစ်ခုကို ချလိုက်မိပြန်သည်။

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Tahanan ng mga kuwento. Tumuklas ngayon