Chapter 92
ဆေးနည်းကို ရရှိပြီးနောက် ရှန်းလျိုရှန့်တစ်ယောက် စမ်းသပ်ရန် မစောင့်နိုင်တော့ချေ။ ကျိုးရွှမ်လန်က မြို့ပြင်မှ ထူးဆန်သည့်အစီအရင်အကြောင်းတွေး၍ မသက်မသာခံစားရသဖြင့် လော့ယွီ နှင့် အခြားသူများခေါ်ကာ ထွက်သွားသည်။
မထွက်သွားခင်တွင် သူက ရှန်းလျိုရှန့်အား စူးစူးစိုက်စိုက်ပြောခဲ့သည်။
"နတ်ဆိုးဘုရင်တွေက ပွင့်ပွင့်လင်းလင်းရော လျှိုဝှက်ပြီးတော့ရော တိုက်ခိုက်နေကြတာ...တစ်ဖက်လူရဲ့ အားနည်းချက်တစ်ခုခုရှာတွေ့ခဲ့ရင် ကျွန်တော် ဒီအတိုင်းထားမှာ မဟုတ်ဘူး..."ရှန်းလျိုရှန့်က လက်ထဲရှိ ဝိညာဉ်ဆေးပင်ကို နမ်းကြည့်နေသည်။ ထိုစကားများကို ကြားသောအခါ မျက်ခုံးပင့်၍ ပြောလိုက်သည်။
"မင်းက မင်းအလုပ်မင်းလုပ်...ငါလည်း ကိုယ့်အလုပ်ကိုယ်လုပ်မယ်..."
ကျိုးရွှမ်လန်က မျက်ခုံးများပြေလျော့သွားကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ထွက်ခွာသွားသည်။
အခြားတစ်ဖက်မှ ရှုရှင်းချန်မှာ မေးထောက်ပြီး ရှန်းလျိုရှန့် ဝိညာဉ်ဆေးပင်များ ရွေးချယ်ထုတ်ယူနေသည်ကို ကြည့်နေ၏။
နောက်တစ်နေ့ မနက်ခင်းတွင် ရှန်းလျိုရှန့် အိပ်ရာမှထကာ ထွက်သွားသည်။
ရှုရှင်းချန်က သမ်းဝေလျက်မေးသည်။
"ဘယ်သွားမလို့လဲ..."ရှန်းလျိုရှန့် : "သတ္တမနတ်ဆိုးဘုရင်ရဲ့ စံအိမ်ကို..."
ယဲ့ပင်းရန် ပြောပြချက်အရ ဆေး၏ ဘေးထွက်ဆိုးကျိုးများမှာ ဝမ်ရမ်ချင်၏ အခြေအနေဖြင့်ကိုက်ညီနေသည်။ ဝမ်ရမ်ချင်က ဆေးကို စားခဲ့လိမ့်မည်။ သို့ဖြစ်၍ ဝမ်ရမ်ချင်၏ သွေးအနည်းငယ်ကို ထုတ်ယူကာ မည်သည့် ဝိညာဉ်ဆေးပင် အမျိုးအစားဖြစ်သည်ကို ရှာဖွေချင်သည်။
ဒီလောက်အချိန်ကြာနေပြီကို ဆေးရဲ့အာနိသင်ရှိပါဦးမလား...
ရှန်းလျိုရှန့် အိမ်တော်တံခါးဝသို့ ရောက်သောအခါ မည်သူမျှမတွေ့ချေ။ ခေါင်းကိုအထဲသွင်း၍ လှည့်ပတ်ကြည့်လိုက်သည့်အခါ ရင်းနှီးနေသော ပုံရိပ်ကို တွေ့လိုက်ရသဖြင့် လှမ်းအော်လိုက်သည်။
![](https://img.wattpad.com/cover/352029929-288-k384400.jpg)