Chapter 33
ရှန်းလျိုရှန့် သွေးအရသာကို ခံစားလိုက်ရသည်။
သူ့နှုတ်ခမ်းများ ကိုက်ဖဲ့ခံလိုက်ရသောကြောင့် သွေးထွက်လာခြင်းဖြစ်သည်။
သူ့ကို သစ်ပင်တွင် ဖိကပ်ထားသူက ဆာလောင်နေသည့် မြေခွေးတစ်ကောင်သဖွယ် သူ့ကိုနမ်းရှိုက်နေခြင်းဖြစ်သည်။
ရှန်းလျိုရှန့် အမောတကောဖြင့် အသက်ရှုနေရပြီး သူ့ခါးနားကို လက်ဖြင့်စမ်းလိုက်သည်။ ကြယ်တာရာအိတ်ကိုကိုင်လိုက်ပြီးသည့်နောက်တွင် ချက်ချင်းအသုံးချလိုက်သည်။
တောနက်ထဲတွင် အလင်းရောင်မှိန်ပျပျ ထွက်ပေါ်လာသည်။ ကြယ်တာရာအိတ်ဖြင့် အစွပ်ခံလိုက်ရသော ကျိုးရွှမ်လန်က လှုပ်ရှားမှုများရပ်တန့်သွားပြီး ရှေ့တိုးလာကာ ရှန်းလျိုရှန့်၏ကိုယ်ပေါ်မှီပြီး မူးမေ့လဲကျသွားသည်။
ရှန်းလျိုရှန့် အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် ကျိုးရွှမ်လန်ကို လက်တစ်ဖက်ဖြင့်ထိန်းထားကာ နောက်လက်တစ်ဖက်ဖြင့် သူ့နှုတ်ခမ်းထောင့်ကို သုတ်လိုက်သည်။
သူ နာကျင်မှုကြောင့် အနည်းငယ်အော်ညည်းမိသွားသည်။ သူ့နှုတ်ခမ်းဖျားများတွင် သွေးစအနည်းငယ်ထွက်နေသည်။
" မင်းက ခွေးလား..."
ရှန်းလျိုရှန့် ထိတ်လန့်နေရာမှ အသိစိတ်ပြန်ဝင်လာချိန်တွင် အလွန်ဒေါသထွက်လွန်းသောကြောင့် သူ့တပည့်ခေါင်းကို နှစ်ကြိမ်တိတိ ခေါက်ပစ်ချင်လာသည်။
သို့ရာတွင် ကျိုးရွှမ်လန်က သူ့အစား မန္တန်ကို ကာဆီးပေးလိုက်သည်ကို တွေးမိသွားသောကြောင့် ဒေါသကို ထိန်းထားလိုက်သည်။ သူ သစ်ပင်ကိုမှီကာ ထိုင်ချလိုက်ပြီး ကျိုးရွှမ်လန်ကို သူ့ပခုံးပေါ် မှီနေစေလိုက်သည်။
ဤကိစ္စ၏အပြစ်များကို ဟွားကျန်းအပေါ်သာ ပုံချရတော့မည်ဖြစ်သည်။
ကျောက်တုံးပေါ်ထိုင်နေသည့် အောင်းယွဲ့မှာ အချိန်အတန်ကြာသည်အထိ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။ သူ့ထံသို့ တိုက်ရိုက်ရောက်လာသည့် အန္တရာယ်များသောအကြည့်တစ်ခုကို ခံစားမိသောကြောင့် သူ၏ သေးငယ်သော ခွေးခြေထောက်လေးတစ်ဖက်ကို ချက်ချင်းမြှောက်ကာ ပြောလိုက်သည်။