Chapter 62
ရှုရှင်းချန် လုံးဝဥဿုံ အံ့အားသင့်သွားခဲ့သည်။ ရေပူစမ်းထဲ စိတ်အေးလက်အေးဖြင့် စိမ်နေသည့် ဖြူသွယ်သွယ်လူငယ်လေးက လုံးဝ စိတ်သက်တောင့်သက်သာ ဖြစ်နေပုံပေါ်သည်။
ခုနတုန်းက ဒုက္ခရောက်နေတဲ့ပုံစံတွေအားလုံးက ဟန်ဆောင်နေဝာာလား...
သူ့စိတ်ထဲတွင် "အရှက်မဲ့လိုက်တာ" ဟူသည့် စကားတစ်ခွန်းကိုသာ တွေးမိတော့သည်။
ရှန်းလျိုရှန့်က မူလတွင် နာကျင်မှုကို ကြောက်ရွံ့နေဟန်ဆောင်ကာ သတိလက်လွတ်ပြုမူပြခဲ့သောကြောင့် ရှုရှင်းချန်က သူ့ကိုယ်သူ ရှန်းလျိုရှန့်ထက်သာသည်ဟု သွေးနားထင်ရောက်နေချိန်တွင် သူ့ရှေ့မှလူက ဧကရာဇ်ယွီဟွမ်ရှေ့တွင် ဟန်ဆောင်ပြနေပြီး သူ့ကို လှည့်စားထားခဲ့ခြင်းဖြစ်နေခဲ့သည်။
[ ဧကရာဇ်ယွီဟွမ်ဆိုတာက တိုက်ရိုက်ဘာသာပြန်ရရင် "ကျောက်စိမ်းဧကရာဇ်" ဆိုတဲ့ အဓိပ္ပါယ်ပါ၊ ယွင်ယွီကမှ သူ့ရဲ့နာမည်အရင်းပါ ]ရှုရှင်းချန်၏စိတ်ထဲ၌ ဒေါသအပြင် အလဲထိုးခံလိုက်ရသည်ဟူသော ခံစားချက်တစ်မျိုးပါ ဝင်ရောက်လာသည်။
သူက ဆေးရေပူစမ်းထဲတွင် အချိန် တစ်ရှီချန်ဝက်ခန့်သာ နေလိုက်ရသော်လည်း အလွန်နာကျင်သောကြောင့် တစ်ကိုယ်လုံးဇောချွေးများပြန်ပြီး စကားမပြောနိုင်ခဲ့ပေ။ သို့ရာတွင် ရှန်းလျိုရှန့်ကမူ ထိုထက်ဆိုးသော ဆေးရေကန်တွင် နေ့တိုင်းစိမ်ခဲ့ရပေသည်။
သူ ဘယ်လိုတောင် တောင့်ခံခဲ့တာလဲ...ရှုရှင်းချန်၏ရင်ထဲတွင် ခံစားချက်ပေါင်းများစွာ ရောယှက်လာသည်။ ရေထဲမှပေါ်လာသည့် ရှန်းလျိုရှန့်က သူ့ဇာမဏီမျက်ဝန်းများကို မှေးကျဉ်းလိုက်ပြီး သရော်ဟန်ဖြင့် နှုတ်ခမ်းများ တွန့်ကွေးပြုံးပြလိုက်စဉ်၌ သူ့ကို သိသိသာသာ စိန်ခေါ်လိုက်သကဲ့သို့ပါ ခံစားလိုက်ရသည်။
တစ်ခဏတွင်းချင်း သူ ဒေါသထွက်လာပြီး သွေးတစ်လုတ်အန်လိုက်သည်။
ငါဆိုတဲ့ ရှုရှင်းချန်က နန်းတွင်းမှာ မွေးခဲ့တဲ့ မင်းသားလေး ကောင်းကင်ဘုံကတောင် ဂုဏ်ယူဝံ့ကြွားရတဲ့ သားတော်လေ... ဘာလို့ ဒီလိုမျိုးအရှက်ခွဲတာကို ခံရမှာလဲ...