Chapter 31
ယဲ့ပင်းရန်က ဝိညာဉ်ဆေးပင်များရောင်းသည့် ဆိုင်ရှေ့တွင်ရပ်နေပြီး ဆေးများရွေးနေစဉ်၌ အကြည့်တစ်ခုက သူ့အပေါ်ရောက်လာသည်ကို အာရုံခံမိသည်။ သူ့ခေါင်းကို တစ်ဖက်သို့လှည့်ပြီး ကြည့်လိုက်သည်။
' စုပိုင်ချယ့် ' က သူ့ကို မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြုံးစစအမူအရာဖြင့် ကြည့်နေသည်။
[ ရှန်းလျိုရှန့်က စုပိုင်ချယ့်မျက်နှာ ဖြစ်နေတာကို သူ မသိလို့ပါ ]ယဲ့ပင်းရန် သူကြည့်နေသည့်ဘက်ကို လိုက်ကြည့်လိုက်သောအခါ အရှေ့မှဦးဆောင်သွားသည့် နတ်ဆိုးသခင်ကို မြင်လိုက်ရသည်။
သူ မျက်မှောင်ကြုတ်လိုက်ပြီးနောက် ဖြစ်ပျက်နေသည့်အရာများကို သဘောပေါက်သွားသည်။
တွန့်ဆုတ်ခြင်းမရှိဘဲ 'စုပိုင်ချယ့်' နှင့် နန်ယောင်ချွမ်၏အကြားကို သူ့ဓားဖြင့် ပိတ်ဆို့လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက 'စုပိုင်ချယ့်'၏ဘေးနားတွင်ပေါ်လာပြီး လျိုရှန်းယွင်ကို လက်ဖဝါးဖြင့် တစ်ချက်ရိုက်ကာ သူ့ကိုခေါ်ထုတ်သွားတော့သည်။
" မင်း မသက်မသာ ဖြစ်နေသေးလား..."
ယဲ့ပင်းရန်က ရှန်းလျိုရှန့်ကို ကူညီပေးလိုက်ပြီးနောက် သန့်ရှင်းသည့်နေရာတစ်ခုတွင် ထိုင်နေစေလိုက်သည်။
" နန်ယောင်ချွမ်ရဲ့ ကျင့်ကြံဆင့်က တော်တော်လေးနက်နဲတယ်... တကယ်လို့ ငါတို့တွေ မိုင်တစ်ထောင်ကူးပြောင်းနည်းကိုမသုံးရင် အဖမ်းခံရလိမ့်မယ်..."
ရှန်းလျိုရှန့်ကို နန်ယောင်ချွမ်က အခြေခံအုတ်မြစ်တည်အဆင့် ဖြစ်အောင် ဖိနှိပ်ထားသောကြောင့် မိုင်ထောင်ပေါင်းများစွာ သွားလာပြီးသည့်နောက်တွင် တစ်ကိုယ်လုံး ဆုတ်ပြဲလုမတတ် ဖြစ်လာသည်။
သူ အသက်ပြင်းပြင်းရှုလိုက်ပြီး ဖြူဖျော့နေသည့်မျက်နှာပြင် ခေါင်းခါလိုက်သည်။ သူက ကျေးဇူးတင်မှုကို ဖော်ပြလိုသော်လည်း ကိစ္စတစ်ခုကို ရုတ်တရက်တွေးမိသွား၍ အမြန်ပါးစပ်ပိတ်ထားလိုက်သည်။
ဘေးနားမှ သစ်ကိုင်းခြောက်တစ်ချောင်းကိုကောက်ယူပြီး သစ်ရွက်များကိုဖယ်ကာ မြေပြင်ပေါ် စကားလုံးအချို့ ရေးပြလိုက်သည်။