Chapter 15
" စီနီယာအစ်ကိုကြီး ကျွန်တော့်ကို မယုံဘူးလား... အဲဒီ ရှန့်မင်သစ်သီးရဲ့ စိတ်ဓာတ်က ရိုးရှင်းလွန်းပါတယ် ပြီးတော့ သူ့ကိုကြည့်ရတာ မပျော်တဲ့ပုံပဲ..."
လင်ယဲ့က မျက်ခုံးနှစ်ဖက်အကြားနေရာကို ဖိနေလိုက်သည်။
" ထားလိုက်ပါတော့လေ... ရှန့်မင်သစ်သီးလေးပဲကို မင်း ယူထားလည်းရတယ်..."
ရှန်းလျိုရှန့် ထိတ်လန့်သွားရသည်။
တကယ်လို့ တခြားကျင့်ကြံသူတွေသာ သူတို့စကားဝိုင်းကိုကြားရင် ဒေါသထွက်လွန်းလို့ သွေး သုံးလီတာလောက် အန်ချမယ်ထင်တယ်...ရှန့်မင်သစ်သီးလေးပဲကို တဲ့လား...
အပြင်လူတွေအတွက်ဆိုရင် ဒါက စကားနဲ့တောင် ပြောလို့မရတဲ့ ကောင်းကင်ဘုံလောက်မြင့်မားတဲ့အရာမျိုး၊ ဒါကိုရဖို့ ဝိညာဉ်အခြေတည်အဆင့် ကျင့်ကြံသူတွေ တစ်ယောက်နဲ့တစ်ယောက် အပြင်းအထန်ပြိုင်ဆိုင်ကြမယ့်အရာမျိုးလေ...
သို့ရာတွက် လင်ယဲ့က ထိုစကားမျိုးကို အေးအေးဆေးဆေးပြောနိုင်စွမ်းရှိသူတစ်ယောက်ဖြစ်သည်။ သူက ချင်းလင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး သူ့ကျင့်ကြံဆင့်က ကြောက်ခမန်းလိလိဖြစ်သည်။ သူ မရရှိနိုင်သည့် ရတနာ သို့မဟုတ် ပစ္စည်းမျိုးမရှိပေ။
" စီနီယာအစ်ကိုက ပွင့်လင်းပြီး ရက်ရောလွန်းပါတယ် တကယ့်ကို စံထားလောက်စရာလူမျိုးပဲ..."
ရှန်းလျိုရှန့်က သူ့ကိုဖားလိုက်သည်။" ကျွန်တော့်ရဲ့ ချို့တဲ့မှုအတွက် တကယ်ပဲရှက်မိပါတယ်..."
လင်ယဲ့က ဝတ္ထုထဲတွင် အလွန်နာမည်ကြီးသည့် အမျိုးသားအရံဇာတ်ကောင်တစ်ယောက်ဖြစ်သည်။ ရှန်းလျိုရှန့်ကလည်း သူ့ကို သိသိသာသာအရေးပေးခဲ့သည်။
ထိုသို့တည်ကြည်လေးနက်သည့် စိတ်နေစိတ်ထားရှိသူက စုပိုင်ချယ့်ကို သဘောကျသွားခဲ့ရခြင်းက ရှန်းလျိုရှန့်ကို အချိန်အတန်ကြာအောင် အံ့အားသင့်စေခဲ့သည်။ စုပိုင်ချယ့်က နှစ်သက်သဘောကျသူများပြားသည့် အဓိကဇာတ်ကောင်ဖြစ်သည်ဟူသောအချက်ကို ပြန်တွေးမိသောကြောင့်သာ ထိုအတွေးက လွင့်ပြယ်သွားရသည်။