Chapter 77
ရှန်းလျိုရှန့် လှေပေါ်သို့ လှမ်းကြည့်လိုက်သည့်အခါ မီးပုံးလေးကိုင်ထားသည့် မိန်းကလေးတစ်ယောက် လှေပေါ်မှထွက်လာ၍ ရေကန်ဘေးပတ်ဝန်းကျင်မှလူများ ချက်ချင်းစိတ်လှုပ်ရှားကုန်ကြသည်။
" နန်ရှန့် နန်ရှန့်..."
နန်ရှန့်က မျက်ခုံးပင့်လိုက်ပြီး လက်မြှောက်၍ ဝတ်ရုံလက်ကိုဝှေ့ာမ်းလိုက်သည့်အခါ သူမဝတ်ရုံလက်ထဲမှ အရောင်တောက်ပနေသည့်အမှုန့်များထွက်လာပြီး ညလေပြည်လေညင်းများ၏ သယ်ဆောင်မှုအောက်တွင် ကန်ရေပြင်တစ်လျှောက် ပျံ့နှံ့သွားသည်။
" လူအုပ်စုကြီးက ချက်ချင်းပင် မျက်လုံးများနီရဲလာပြီး ပြောလိုက်သည်။
" မွှေးလိုက်တာ... တော်တော်မွှေးတာပဲ..."ရှန်းလျိုရှန့်သည်လည်း လေထုထဲမှ အနံ့ကိုရှုကြည့်လိုက်မိပြီး စိတ်လှုပ်ရှားသွားရသည်။
ထိုရနံ့ထဲတွင် ပါဝင်ပစ္စည်းများစွာ ရောယှက်ပါဝင်နေသော်လည်း ကောင်းကင်ယံမှ လမင်းကြီးကဲ့သို့ ပေါ်လွင်နေသည့် အမွှေးအကြိုင်တစ်မျိုး ပါဝင်သည်။ သူ တစ်ကြိမ်မှ ထိုအနံ့မျိုး မရဖူးပေ။
ခဏစဉ်းစားကြည့်ပြီးသောအခါ ရှန်းလျိုရှန့်၏မျက်လုံးများ အရောင်တောက်ပလာသည်။
နတ်ဆေးက သွေးနှောတွေရဲ့အနံ့ကို ဖုံးထားနိုင်မှာဆိုတော့ ဒီအမွှေးအကြိုင်မျိုးကို ထပ်ထည့်လိုက်မယ်ဆိုရင် အံ့ဩစရာကောင်းတဲ့ သက်ရောက်မှုတွေ ရှိမယ်ထင်တယ်...ရှန်းလျိုရှန့်က တဖြည်းဖြည်းထွက်ခွာသွားသော အပျော်စီးလှေကိုကြည့်ပြီး သစ်ပင်ပေါ်မှ ခုန်ချကာ အမြန်လိုက်တော့သည်။
ရှန်ဖန့်အပျော်စီးလှေပေါ် ရောက်သည့်အခါ ရှန်းလျိုရှန့်က မျက်နှာဖုံးတပ်ပြီး လှေဝမ်းထဲ ဝင်လာလိုက်သည်။ ဤနေရာတွင် မိန်းကလေးအများစုသာ ရှိနေကြခြင်းဖြစ်၍ ယောက်ျားတစ်ယောက် တက်လာသည်ကို မြင်သောအခါ သူ့ကို အကဲခတ်သကဲ့သို့ ကြည့်နေကြသည်။
ရှန်းလျိုရှန့် နန်ရှန့်ကို ရှာမတွေ့ပေ။ အမွှေးအကြိုင်များကို သူကိုယ်တိုင်စစ်ဆေးကာ အနံ့ခံကြည့်သော်လည်း တစ်စုံတစ်ရာ လိုအပ်နေဆဲဖြစ်သည်ဟု ခံစားလိုက်ရသည်။