Part 404
Sue Xing NwayDecember 03, 2022
Chapter 404(Extra-41)ကျောက်သင်ပုန်းမှာ အနက်ရောင်ဆေးသုတ်ထားသည့် သစ်သားပြားဖြစ်ပြီး နံရံပေါ်တွင် သံဖြင့်ချိတ်ထားကာနှစ်ပေါင်းများစွာ အသုံးပြုခြင်းခံထားရသည်။ မြေဖြူမှုန့်များက မပြောင်သေးဘဲ ဟိုတစ်သည်တစ်စရှိနေပြီး ကျောက်သင်ပုန်းပေါ်ရေးထားသည့် စာများလည်းရှိနေသည်။
ကျန်းယွဲ့က ကျောင်းတစ်ခါမှမနေဖူး၍ ရေးထားသည့်စာများ၏ အဓိပ္ပါယ်ကိုမသိသော်လည်း သူမ၏လက်ချောင်းများကိုအသုံးပြု၍ စာလုံးများတစ်ခုချင်းစီကိုရေးကြည့်နေသည်။
"၁..၂..၃..."
သူမခဏမျှအံ့အားသင့်သွားပြီး နံရံထောင့်တွင်ကျနေသည့်ခဲတံလေးတစ်ချောင်းကိုတွေးလိုက်ရသည်။ ခဲတံလေးက မကြာခဏအသုံးပြုခံထားရပြီး လက်တစ်ဆစ်မျှသာကျန်တော့ပြီး ထိပ်ပိုင်းရှိခဲဖျက်ကလည်း ချိုင့်ဝင်နေကာ ဘာမှမကျန်တော့လုနီးပါးပင်။
ကျန်းယွဲ့က ကုန်းကောက်လိုက်ပြီး သူမ၏အိတ်ကပ်ထဲထည့်လိုက်သည်။
"ကလေးတွေ... ဘာတွေလုပ်နေကြတာလဲ..."
နူးညံ့ကာ ငြင်သာလှသော အသံတစ်သံထွက်လာပြီး ကျန်းယွဲ့အတော်လေးလန့်သွားခဲ့သည်။ သူမလှည့်ကြည့်လိုက်ချိန်တွင် သူမကိုကြည့်နေသော အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရသည်။
သူက ကျောင်း၏ဆရာတစ်ယောက်ဖြစ်လောက်ပေသည်။
ကျန်းယွဲ့ စိတ်မလုံသလိုခံစားလိုက်ရပြီး ချက်ချင်းထွက်ပြေးသွားခဲ့သည်။ ခြေလှမ်းအနည်းငယ်ပြေးပြီးမှ ကျန်းရှင်းကျန်ခဲ့ကြောင်းသတိရသွား၍ နောက်ပြန်လှည့်ကာ သူမ မောင်လေးကိုဆွဲ၍ တစ်ချိုးတည်းပြေးလေတော့သည်။
အိမ်ပြန်ရောက်ချိန်တွင် မောင်နှမနှစ်ယောက်လုံး အလွန်အမင်းမောပန်းနေကြလေပြီ။
ကျန်းရှင်းကဘာတွေဖြစ်နေလဲမသိ၍မေးလိုက်သည်။
"မမ.... ခုဏကဘယ်သူကြီးလဲဟင်...."
"မမလည်းမသိဘူး...."
ကျန်းယွဲ့ကြောက်ရွံ့လာပြန်သည်။ သူမကျောင်းသို့ပထမဆုံးအကြိမ်သွားခဲ့သည်။ လူကြီးတစ်ယောက်သာ ထိုအကြောင်းသိပါက သူမကိုအလုပ်မလုပ်၍ ဆူလောက်မည်လား။
သူမ သူမ၏မောင်လေးကို ပြင်းပြင်းထန်ထန်ခြိမ်းခြောက်လိုက်သည်။
"ဒီနေ့ဘာဖြစ်သွားလဲ အမေ့ကိုမပြောပြရဘူးနော်... မဟုတ်ရင် အစ်မက နင့်ကိုလျစ်လျှူရှုထားမှာ...."
ကျန်းရှင်းကကြောက်လွန်းနေ၍ သူ့ပါးစပ်သူလက်နှင့်အုပ်ကာ ခေါင်းခါပြလေသည်။
"မပြောပါဘူး...."
မောင်နှမနှစ်ယောက်က ဤသို့ဖြင့် သဘောတူညီချက်ရခဲ့သည်။
ဆောင်းဦးကောက်ရိတ်သိမ်းပြီးနောက်တွင် ဆန်စပါစများက အကုန်ရိတ်သိမ်းပြီးဖြစ်ရာ လယ်ကွင်းထဲတွင်အလုပ်များများစားစားမရှိတော့ပေ။ ကျန်းဟွေ့မိန်က အရင်ကလောက် အလုပ်အရမ်းမလုပ်ရတော့ပေ။ သူမက ကလေးများကို လယ်ကွင်းထဲမလာကြတော့ရန်တားလိုက်သည်။ ထို့ကြောင့် ကျောင်းမှာ ကျန်းယွဲ့မကြာခဏသွားသည့်နေရာဖြစ်လာခဲ့သည်။
ကျောင်းတွင် လုံခြုံရေးအစောင့်မရှိ၍ ကျောင်းထဲသို့ ဝင်ခြင်းနှင့်ထွက်ခြင်းမှာ အခက်အခဲမရှိပေ။ ထို့အပြင်သူမ၏အသက်ကလည်း တရားဝင် ကျောင်းတက်ရသည့်အရွယ်ဖြစ်နေ၍ ကျောင်းထဲရှိကျောင်းသားတစ်ယောက်နှင့်လည်းတူနေလေသည်။
သူမ ကျောင်းထဲသို့ဝင်ချိန်တိုင်းတွင် တိတ်တဆိတ်နေပြီး ပြတင်းပေါက်နောက်တွင် တိတ်တိတ်လေးပုန်းနေလေ့ရှိသည်။
ပုံမှန်အခြေအနေတွင် ကျန်းယွဲ့က ကျန်းရှင်းကိုခေါ်မလာပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းယွဲ့က သူမ၏လုပ်ရက်များက တခြားသူများ၏ပစ္စည်းကိုခိုးနေသည့် သူခိုးတစ်ယောက်နှင့်တူနေသည်ဟု ခံစားရပြီး အရှက်မရှိသည့်ပုံပေါက်သည်ဟုခံစားရနေသည်။ သူမမောင်လေးသာ သူမနှင့်လိုက်လာပါက သူလည်းအဆူခံရပေလိမ့်မည်။
ထို့အပြင် သူမကသိသာပေါ်လွင်ခြင်းမရှိ၍ သူမကိုမည်သူမှဂရုမစိုက်ကြသော်လည်း သူမမောင်လေးက ပိန်လွန်းနေသည်။ သူမသာ မောင်လေးကိုခေါ်လာခဲ့ပါလျှင် ဆရာများက ထိုအကြောင်းကို သေချာပေါက်ပြောပေလိမ့်မည်။
ထို့ကြောင့် မောင်နှမနှစ်ယောက်က သဘောတူညီမှုလုပ်ထားသည်။ လယ်ကွင်းထဲသို့မသွားရလျှင် ကျန်းယွဲ့ကကျောင်းသွားမည်ဖြစ်ပြီး ကျန်းရှင်းက အိမ်တွင်လိမ်လိမ်မာမာလေးနေကာ ဘယ်မှမသွားရန်ဖြစ်သည်။
သူသာ လိမ္မာပါက ကျန်းယွဲ့ကသူ့အတွက် သစ်သီးရိုင်းအချို့သို့မဟုတ် ရွာထိပ်ရှိ သစ်တော်သီးများကိုခူး၍ အိမ်ကိုပြန်ယူလာမည်ဖြစ်သည်။ စနေ တနင်္ဂနွေနေ့များတွင်လည်း သူ့ကိုဆော့ရန်ခေါ်သွားပေးမည်ဖြစ်သည်။
xxxxxxxxxx
YOU ARE READING
အခန်းဆက် ၃ ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်
General Fictionအပိုင်း ၃၃၆ ကနေစပါမယ်ရှင့် wpကအခြဆိုအပိုင်း၁၅၀လောက်တောင်တင်မရချက်တေည့ဘူးerror ဖြစ်၂နေလို့😖