Extra - (1)

6.1K 420 19
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~

တိမ်ပြာပြာနေ့တစ်နေ့မှာ ခင်ဗျားကိုချစ်သလို
မိုးရွာတဲ့နေ့တွေမှာလည်း ခင်ဗျားကို ချစ်တယ်
အချစ်ဆိုတာ ရွေးချယ်ခြင်းမှ မဟုတ်ခဲ့တာပဲ
နှလုံးသားရဲ့အလိုရှိရာကို နှလုံးသားကပဲသိတယ် ...

" ကောင်းဆက်ပိုင် "

~~~~~~~~~~~~~~~~~~~~~~~~~~~~~

" ဆရာ အားလုံးကို သတိရနေမှာပါ "

မငိုမိအောင်ထိန်းနေပေမဲ့လည်း မျက်ရည်များ ကျဆင်းလာသည် ။ မြေကြီးပေါ်ထိုင်ကန်တော့နေကြတဲ့ တပည့်တွေကိုကြည့်ရင်း ကောင်းဆက်ပိုင် ရင်ဘတ်ထဲမှာ ဆို့နင့်လာ၏ ။

မဖြစ်မနေရွေးချယ်ခဲ့ရပေမဲ့ ဒီရွာလေးအပေါ်မှာ သံယောဇဉ်တွေများပါသည် ။ အမှတ်တရများစွာထင်ကျန်ရစ်ခဲ့သည် မဟုတ်လား ။

ကိုကြီးကို လွမ်းဆွတ်သတိရပြီး မျက်ရည်များကျခဲ့ခြင်းကိုလည်း ဒီရွာလေးကသိသည် ။ ကျွန်တော်ခံစားခဲ့ရသမျှ နာကျင်ခြင်းတွေကိုလည်း ဒီရွာလေးက သိ၏ ။

ကိုကြီးနဲ့ ပြန်လည်ဆုံတွေ့ခြင်းကစပြီး လက်ထပ်ခွင့်တောင်းခံရတဲ့အထိ ဒီရွာလေးက အရာရာမှာ သက်သေတည်နေသည် ။

ရိုးသားလှသော ကလေးများနဲ့မိဘများက မြို့ပြရဲ့အရောင်ခြယ်လူသားတွေနဲ့မတူဘဲ ကျွန်တော့်အပေါ်မှာ စိတ်ရင်းဖြင့် ချစ်ခင်ပေးခဲ့ကြသည် ။ ဂရုစိုက်ပေးခဲ့ကြသည် ။ ကျွန်တော့်ကိုတင်မဟုတ်ဘဲ အဖေ့ကိုပါ ချစ်ခင်ပေးခဲ့ကြ၏ ။

တစ်အိမ်ချင်းစီကို ကောင်းဆက်ပိုင် မနှုတ်ဆက်နိုင်တော့မှန်းသိ၍ ကျောင်းသားမိဘအချို့ကပါ ကျောင်းအထိလာပြီး နှုတ်ဆက်ကြသောကြောင့် ကျောင်းဝန်းကြီးထဲမှာ စည်ကားလျက်ရှိသည် ။

ဒီနေ့ ကိုကြီးကတော့ကျွန်တော့်အတွက် Personal Photographer လုပ်နေသည် ။ ငိုနေတဲ့ပုံတွေ မရိုက်ပါနဲ့လို့ပြောလည်းမရ ။

ကျွန်တော့်ရဲ့ အဖြူအစိမ်းနဲ့ ကျောင်းဆရာနောက်ဆုံးနေ့အဖြစ် ဓါတ်ပုံလေးတွေကို အမှတ်တရသိမ်းထားချင်ပါသည်တဲ့လေ ။

ကိုကြီးတပည့်တစ်ယောက်က မြို့နယ်ပညာရေးမှူးရုံးကဖြစ်၍ ဒီလောက်မြန်မြန်နဲ့ ထွက်စာတင်လို့ရခြင်းဖြစ်သည် ။ ရွာခံတိုင်းရင်းသူတစ်ယောက်ကလည်း ဆရာမအလုပ်လျှောက်ထားတာနှင့်ကြုံတော့ လူသီးသန့်ရှာစရာမလိုတော့ဘဲ ကျွန်တော့်နေရာတွင် အစားဝင်လိုက်ရုံသာ ။ အစစအရာရာ အဆင်ပြေသွား၍ တော်ပါသေးသည် ။

If (Completed) Dove le storie prendono vita. Scoprilo ora