အပိုင်း ၁၊ အသစ်အ​ဟောင်း

1.1K 157 9
                                    

Unicode

ဒရေကို နိုးလာသည့်အခါ ခေါင်းက တဆစ်ဆစ်ထိုးကိုက်နေခြင်းနှင့် ကြုံရ၏။ပြာခနဲဖြစ်သွားသော မျက်လုံးက ခေါင်းကိုက်ခြင်းကို ဆယ်ဆလောက် ပိုဆိုးသွားစေသလိုရှိသည်။ညည်းတွားကာ တစ်ဖက်သို့ လူးလွန့်လိုက်၏။အိပ်စက်ခြင်းက သူ့အား ရင်ခွင်ထဲသို့ ထပ်တစ်ကြိမ် ဆွဲသွင်းလိုက်စေချင်မိသည်။

"ရွန်၊သူနိုးလာပြီ။ငါ့ကို အဝတ်စိုတစ်ခုလောက် ယူလာပေး"

ဂရင်းဂျာ၏ အသံဖြစ်ပုံပေါ်သော တိုးဖွသည့် လေသံတစ်ခု။ခြေသံတွေ(ဖြစ်ကတတ်ဆန်းလှမ်းပုံကို ​ထောက်လျှင် ဝီစလေ၏ ခြေသံတွေ)က သွက်သွက် ထွက်ခွါသွားပြီး ခဏအကြာမှာ ပြန်ရောက်လာသည်။

နဖူးပေါ်သို့ အေးမြသည့် အဝတ်တစ်စ အတင်ခံလိုက်ရသည်ဟု ဒရေကို ခံစားမိသည်။ကျေနပ်ခြင်းနှင့် စိတ်အေးသွားခြင်းဖြင့် သက်ပြင်းချလိုက်၏။တစ်ခစ်ခစ် ရယ်သံတစ်ခုကို ကြားရသောကြောင့် သူ ရှက်သင့်သလား ချီတုံချတုံ စဉ်းစားကြည့်သည်။သောက်ဂရု မစိုက်ဖို့ ဒရေကို ဆုံးဖြတ်ကာ သက်သောင့်သက်သာဖြစ်သော အိပ်ရာထဲ ပြန်လည်တိုးဝင်အိပ်စက်လိုက်သည်။

နိုးထလာရခြင်းက နှစ်လိုဖွယ်အလုပ်တစ်ခုမဟုတ်သည်ကို သိလိုက်ရသည့်အခါ သူ ထုတ်ညည်းလိုက်မိသော ညည်းတွားသံနှင့် ခပ်ဆင်ဆင် အသံကို ဘာမှမကြာသည့် အချိန်အတွင်းမှာ သူကြားခဲ့ရသည်။ခေါင်းကို စောင်းငဲ့ကြည့်ဖို့ နာကျင်လွန်းနေသေးပေမဲ့ ထိုအသံက ဟယ်ရီ့အသံ ဖြစ်သည်ကို သူမှတ်မိခဲ့သည်။

စီးရီးယပ်စ် ဘလက်ခ်၏ အခန်းအတွင်းမှာ ဖြစ်ပျက်ခဲ့သော အရာအားလုံးက သူ့ထံသို့ ဒရောသောပါး ပြန်ရောက်ရှိလာကြ၏။ငိုကြွေးခြင်း၊ရန်ပွဲနှင့် အဲ့သည်နောက်...ဗလာကျင်း။ဘာတွေဖြစ်သွားခဲ့လဲ သူသေချာမသိပေမဲ့ စိုးရိမ်နေပုံပေါ်သော တိုးဖွသည့် ဂရင်းဂျာ၏ အသံကြောင့် သူ(မ)သိသည်ဟု ဒရေကို ယူဆလိုက်သည်။

အခြားအသံတစ်သံကို သူ ထပ်ကြားရ၏။

"မိုင်အိုနီ၊ငါ ဘာဖြစ်သွားတာလဲ"

ဟယ်ရီ့ကို ပြန်မဖြေမီ ဂရင်းဂျာက တွေနေခဲ့သေးသည်။

"တစ်ခါတလေ နင့်ရဲ့ ဒေါသက ထိန်းထားနိုင်တာထက် နည်းနည်းလေး ပိုသွားတတ်တာ သိတယ်မလား"

စိတ်ရဲ့ အလှည့် | မြန်မာပြန် |Donde viven las historias. Descúbrelo ahora