Unicode
နဂါးကြီးက ဂရင်းဂေါ့စ်နှင့် ဒိုင်ယာဂွန် အယ်လီ အထက်၌ နိမ့်တုံမြင့်တုံ ပျံဝဲနေပြီး ဒရေကိုလည်း ဟယ်ရီ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားခဲ့၏။ခံ့ညားဖွယ် မြည်ဟိန်းလျက် ကောင်းကင်ယံထက်သို့ မီးလုံးကြီးများ မှုတ်ထုတ်နေသည့် နဂါးကြီးကို အောက်ရှိ လူအုပ်ကြီးက လက်ညှိုးထိုး မှင်တက်နေခဲ့၏။ဒရေကို ခေါင်းကို မော့ထားသည်။လေတိုးသဖြင့် ဆံပင်တွေက သူ့မျက်နှာဆီ ဝဲ စဉ်ကျနေခဲ့၏။သူတို့အောက်ဆီမှ အကြည့်စူးစူးတွေ၊ဟစ်ကြွေးသံတွေနှင့် ကသောင်းကနင်းဖြစ်မှုတွေကို သူ လျစ်လျူရှုထားခဲ့၏။ဤအရာအားလုံးကို သူမဟုတ်သည့် အခြား သနားစရာ လူတစ်ယောက်ကြုံနေသလို ဟန်ဆောင်နေလိုက်ခြင်းက မလွှဲမသွေ ရောက်လာအံ့သော၊ သူတို့ လုပ်ရပ်များ၏ အကျိုးဆက်တို့ကို စေ့ငုံသုံးသပ်နေခြင်းထက် အလုပ်ပိုဖြစ်ပါသည်။သူ့လက် ပေါ် ဟယ်ရီ အုပ်ကိုင်လာသည်ကို သိလိုက်၏။ဟယ်ရီ့ခါးထက်မှာပဲ သူ လက်ချင်းယှက်လိုက်သည်။သူ့မှာ သူ တစ်ယောက်တည်း မဟုတ် ဟူသည့် အသိ၊သူနှင့်အတူ သူ့သူငယ်ချင်းတွေ ရှိနေသည်ဟူသည့် အသိ၊ အရာအားလုံးထက်၊ တစ်စုံတစ်ယောက်က သူ့ကို အမှန်တကယ် ချစ်နေသည်ဟူသည့် အသိက ဒရေကို့အတွက် အနှီအခြေအနေတွေကို ရင်ဆိုင်ရ ပိုလွယ်ကူစေ၏။သို့ပေမဲ့ သူတို့ ၏ လုပ်ရပ်အမှန်ကို ယခုတိုင် လူတွေမသိကြသေးပေ။
သက်ဆိုင်ရာက လူအားလုံးကို မြင်သိစေချင်သည့်အလား နဂါးကြီးက ကျယ်လောင်သည့် မြည်ဟိန်းသံကို နောက်ထပ်တစ်ခါ ထွက်ပေါ်စေ၏။တောင်ပံတွေကို အားကောင်းကောင်းဖြင့် တစ်ချက်ခတ်ကာ အကြေးခွံတွေဖုံးအုပ်နေသည့် သတ္တဝါကြီးက မှင်တက်နေသော မှော်ကဝေများကို အောက်ဘက်မှာ ချန်ထားခဲ့ပြီး မြူဆိုင်းနေသည့် လေထုထဲ တိုးဝင်သွားခဲ့၏။သတင်း အပုပ်နံ့အဲ့အဲ့နှင့် မှော်နက်သခင်က သူတို့ကို လိုက်ဖမ်းနေသည့်အချက်၊မကြာမီ စစ်မက် ဖြစ်ပွါးတော့မည့်အချက် နှင့် ယခုအခါ ထိုစာရင်းထဲတွင် မှင်စာတွေကိုပါ သူတို့ထည့်သွင်းနိုင်ပြီဆိုသည့် အချက်တို့ကိုသာ ထည့်မတွက်လျှင်၊ဒရေကိုသာ အပြည့်အဝ ရိုးသားပါက နဂါးစီးသည့် ကိစ္စတစ်ခုလုံးက သိပ်လည်းမဆိုးလှ။နဂါးတောင်ပံတွေ စည်းချက်မှန်မှန် ခတ်နေခြင်းနှင့် ဟယ်ရီ့အသက်ရှူသံ မျှဉ်းမျှဉ်းက သူ့ကို ချော့မြှူနေခဲ့သဖြင့် တစ်ဝက်လောက် စိတ်အေးသွားပြီ ဖြစ်၍ အရာအားလုံးကို သူ တဒင်္ဂ မေ့ပျောက်နေခဲ့၏။
STAI LEGGENDO
စိတ်ရဲ့ အလှည့် | မြန်မာပြန် |
Fanfiction✔Uploaded in both Zawgyi and Unicode. ကာကွယ်ပေးမည် ဆိုသော ဒမ်ဘယ်ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်မျှော်စင်ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်ကော။ ထိုကတိကဝတ်၏ အကျိုးဆက်ဖြင့် ဟယ်ရီနှင့် ဒရေကိုတို့ အတူတူနေကြဖို့ အတင်း အစီစဥ် ခံခဲ့ရလျှင်က...