အပိုင်း ၁၊ ​နှုတ်ထွက်အခက်ဆုံး စကား

641 95 6
                                        

Unicode

"ဟယ်ရီ၊ ဟင့်အင်း။တခြားနည်းလမ်းရှိဦးမှာပါ"

"တခြားနည်းလမ်း မရှိဘူး၊ဟာမိုင်အိုနီ။နင် သိပါတယ်။ငါ့အတွက်နဲ့ လူတွေသေရတာကို စိတ်ပျက်လာပြီ။ငါ လုပ်ရမယ့်ဟာကို ငါ သိတယ်"

သူ့ သူငယ်ချင်းကို ပွေ့ဖက်လိုက်ပြီး ဟယ်ရီ ပြောခဲ့သည်။ဟာမိုင်အိုနီက ရှိုက်၍ သူ့ကို တင်းတင်း ဖက်လိုက်ပြီးမှ လွှတ်ပေးကာ နောက်ဆုတ်၏။ဟယ်ရီ့ ပုခုံးကို တစ်ချက် သပ်ပြီး ခွါသွား၏။

ဟာမိုင်အိုနီ့နောက်မှာ ရွန်က သစ်ပင်တစ်ပင်လို မတိတ်စဖူး အတိတ်ကြီး တိတ်ကာ ရပ်နေ၏။ဟယ်ရီ့အနားမှ ဟာမိုင်အိုနီ ဖယ်သွားသည်နှင့် ရွန်က တက်သုတ်ရိုက် ရှေ့တိုးလာပြီး ဟယ်ရီ့ကို သိမ်းဖက်လိုက်သည်။ကြားမှာ မာန အမြဲခံနေခဲ့သဖြင့် ယခင်က သူတို့ တကယ် မဖက်ဖူးခဲ့ကြ။သို့ရာတွင် ယခုတစ်ခါ၊ယခုတစ်ခါက ကွာခြားသည်။ယခုတစ်ခါက ရွန် သူ့ အချစ်ဆုံးသူငယ်ချင်း၊သူ့ ညီအစ်ကို ကို နောက်ဆုံးအကြိမ် တွေ့ရခြင်းဖြစ်လိမ့်မည်။ရွန် နောက်ဆုတ်လိုက်ပြီး ဟယ်ရီ့ကို တုံးတိကြီး ခေါင်းတစ်ချက် ညိတ်ပြ၏။မျက်လုံးပြာတွေက မကြွေသေးသော မျက်ရည်ဥများဖြင့် လက်လဲ့နေ၏။

နောက်ဆုံးပြောရသည့် နှုတ်ဆက်စကားက အဆိုးဆုံးဖြစ်သည်။ဒရေကိုက အကျိုးအပဲ့ အပျက်အစီးတွေ ပုံနေသော ကြမ်းပြင်ကို စိုက်ကြည့်နေပြီး မော့မလာခဲ့။ပြုဖွယ်ကိစ္စကို သူ သိခဲ့ပါ၏။သူ တစ်လျှောက်လုံး သိခဲ့ဖူးပါ၏။သို့သော်ငြား မျှော်လင့်ချက်ကို မစွန့်လွှတ်နိုင်သော သူ့ကိုယ်တစ်ခြမ်းက အမြဲ ရှိနေခဲ့သည်။စင်စစ် ဟယ်ရီက ရှင်ကျန်ခဲ့သူ ဖြစ်ခဲ့သည်။သို့တိုင်အောင် ယခုတော့ သည်အခြေအနေက တကယ်ကြီး ဖြစ်လာနေပြီ။ထို့အပြင် သူ ပြောနိုင်သမျှ လုပ်နိုင်သမျှ ဘယ်အရာကမှ ဟယ်ရီ့ကို မသွားဖို့ ဆွဲထားနိုင်မည်မဟုတ်။သူ လုပ်ချင်သမျှဟူ၍ ဟယ်ရီ့ကို သူ့လက်မောင်းတွေကြား ပွေ့ဖက်ထားဖို့ ဖြစ်နေချိန်မှာ ဟယ်ရီနှင့် အကြည့်ချင်းဆုံဖို့ကို ငြင်းဆန်ရင်း၊ ကိုယ့်ကိုကိုယ် ပြန်ပိုက်ထားရင်း သူ့ အမြင်အာရုံတွေ ဝေဝါးလာခဲ့သည်။ဟယ်ရီ ပွေ့ဖက်မှုထဲ ရောက်သွားခဲ့ပြီးလျှင် သူ ဟယ်ရီကို့ ဘယ်တော့မှ လက်မလွှတ်မိတော့မှာ ဒရေကို ကြောက်၏။

စိတ်ရဲ့ အလှည့် | မြန်မာပြန် |Where stories live. Discover now