အပိုင်း ၁၊ ကြက်သွန်ဥ​တွေ မင်းကို ငို​စေသတဲ့

1.4K 185 7
                                        

Unicode

အပြင်ပန်းမှာတော့ သူ့ပုံစံက တည်တည်ငြိမ်ငြိမ်နှင့် ဣန္ဒြေရနေသောကြောင့် သူ့ရင်ထဲ ဝုန်းဒိုင်းကြဲနေခဲ့ကြောင်း မည်သူမျှ မှန်းဆခဲ့မိမည်မဟုတ်။အရံအတားစည်းချထားသည့် သီးသန့်အိမ်တစ်လုံးတွင် ရန်သူနှင့်အတူ နေနေသည့် သာမန် ဆယ်ကျော်သက် အမှောင်ဂိုဏ်းသားငယ်တစ်ဦး၊ထိုသူ၏ အေးဆေးနေကြောင်း ဟန်ဆောင်မျက်နှာကို မည်သူကမျှ နည်းနည်းကလေးမှ ထိုးဖောက်မြင်နိုင်မည်မဟုတ်ခဲ့။

ဟုတ်သည်။ခဲခက်သည့် ထိုတည်ငြိမ်မှု၏ အောက်မှာ ဒရေကိုသည် ပျော်ရွှင်မှုနှင့် အော်ဟစ်မြူးထူးနေခဲ့၏။လွန်ခဲ့သည့် ငါးနှစ်တာလုံး သူ အသည်းအသန် သူငယ်ချင်းဖြစ်ချင်နေခဲ့သော ကောင်လေးက နောက်ဆုံးတော့ သူ့ကို သူငယ်ချင်းဖြစ်ခွင့်တောင်းလာခဲ့ပြီ။

သူ ဘာမျှ လုံးဝ မလုပ်ခဲ့မိသည်ကိုလည်း ဒရေကို အံ့ဩမိသည်။သူ့ကို ခွင့်လွှတ်ဖို့ ခယတောင်းပန်လိုက်ဖို့၊ဒါမှမဟုတ် ဟယ်ရီပေါ်တာကို ရဖို့ မူယာမာယာနည်းလမ်းတွေကို အသုံးချဖို့ သူတစ်လျှောက်လုံးတွေးထားခဲ့ဖူး၏။ဟယ်ရီ သူ့နားချဉ်းကပ်လာတာ ကိုယ့်သဘောနှင့်ကိုယ် ဖြစ်သည်ဟု သံသယကင်းကင်း သူ လက်ခံခဲ့လိုက်သည်။သို့မဟုတ် သူ သံသယ ဖြစ်ခဲ့သည်။ပိုဆိုးသည်က သူ နောင်တရသည်။

သူ ဂယောင်ခြောက်ခြားစမဖြစ်ခင် မီးဖိုချောင်ထဲမှ အသံတစ်သံ ထွက်လာ၏။

"ဒရေကို၊ညစာ ဘာစားချင်လဲ"

ဟယ်ရီ။ဟုတ်တယ်လေ၊တခြား ဘယ်သူဖြစ်နိုင်ဦးမှာလဲ။

အပြုံးတစ်ခုကို ချိတ်ဆွဲကာ ဒရေကို ပြန်အော်ပြောလိုက်၏။

"ဘာဖြစ်ဖြစ် ရတယ်။အရသာရှိတာ တစ်ခုခုပေါ့"

စာအုပ်ဆီမှ အကြည့်လွှဲကာ မီးဖို့ချောင်ဘက်သို့ သူ ခပ်မြန်မြန်ခိုးကြည့်၏။အချိန်မှန်မှန် အလုပ်မလုပ်သည့် အဖြူရောင် အအေးခံစက်ခပ်ကြီးကြီး(ဟယ်ရီကတော့ ရေခဲသေတ္တာဟု ခေါ်သည်)ရှေ့မှာ ဟယ်ရီ ရပ်နေခဲ့သည်။အနှီစက်ကို ဖွင့်၍ တွေးတွေးဆဆအမူအရာနှင့် အထဲသို့ စိုက်ကြည့်လျက်။သည်တစ်ကြိမ်မှာတော့ သူ နှစ်နှစ်ခြိုက်ခြိုက်ပြုံးခဲ့၏။ဟယ်ရီ့ဟန်ပန်က ချစ်စဖွယ် တကယ် ဖြစ်နေခဲ့သည်လေ။တွေ့ရသည့် မြင်ကွင်းကို ကျေနပ်စွာပဲ သူတွေးမိသည်။ဒရေကို စာအုပ်ဆီသို့ အကြည့်ပြန်ပို့လိုက်သည်။

စိတ်ရဲ့ အလှည့် | မြန်မာပြန် |Donde viven las historias. Descúbrelo ahora