ခြံဝန်းတစ်ခုသို့ ဆိုက်ရောက်လာသည့် ကားတစ်စီးမှ ဆင်းလာသော ကောင်လေးတစ်ယောက်။ လက်ညှိုးထိပ်မှာ ချိတ်တွယ်ထားသည့် သော့ချိတ်အား တဝဲလည်လည်လုပ်ရင်း လေတချွန်ချွန်ဖြင့် အိမ်ထဲသို့ဝင်လာစေသည်။ ထိုသူဝင်လာသည်ကို ကြည့်နေသူက ဧည့်ခန်းထဲမှာ အမဖြစ်သူ လမင်းသူရပင်ဖြစ်၏။
"ဘယ်ကပြန်လာတာလဲ"
သွေးအေးအေးအသံဖြင့် မေးလာသော အမဖြစ်သူကြောင့် မြတ်မင်းသူရ ခြေလှမ်းတို့ တုန့်ခနဲရပ်သွားသည်။ သို့ပေမယ့် သူ့အမဖြစ်သူဘက်ကိုတော့ လှည့်မကြည့်ဘဲ ခပ်တုံ့တုံ့သာဖြေလာသည်။"အပြင်ကပြန်လာတာ" ဤသို့သာပြောပြီးသည်နှင့် ခြေလှမ်းတို့အား ဆက်သွားရန်ပြင်ပေမယ့် ခွင့်မပြုသည်က လမင်းပင်။
"ဒီမှာ ငါစကားပြောနေတယ်လေ အဲ့တာဘယ်လဲ"
အသံခပ်မာမာနဲ့ ပြောလာတော့ မြတ်မင်း ကျစ်တချက်စုတ်မိသည့်အပြင် ဆံပင်တို့ကို ဆွဲဖွမိကာ သူမဆီလှည့်လာမိတော့သည်။ ထိုသို့တောင် လမင်းမျက်နှာက မှင်သေသေသာ။"ဘာဖြစ်ပြန်ပြီလဲဗျာ"
မြတ်မင်းညည်းညည်းညူးညူးပြောရင်း ဆိုဖာပေါ်လည်း စိတ်ပျက်လက်ပျက်ထိုင်လိုက်သေးသည်။ လမင်းသူရကတော့မောင်ဖြစ်သူအား သေချာစိုက်ကြည့်လျက်။"နင် အလေလိုက်နေတာမပြီးသေးဘူးလား နင့်ကို အလုပ်စလုပ်ဖို့ပြောထားတယ်လေ ဘယ့်နှယ် အမပြောတာကို နားမထောင်ဘဲ မပန်းဝတ်ရည်ကိုတောင် သွားအပူကပ်လိုက်သေးတယ်"
အမဖြစ်သူ၏စကားကြောင့် မြတ်မင်းနှာခေါင်းရှုံ့မိသည်။ မိမိအကူညီတောင်းမှုကြောင့် မက မိမိအမအား ကူပြောပေးပေမယ့် အမကလက်မခံသည့်အပြင် ပြန်၍တောင် မိမိအားနားချခိုင်းလိုက်သေးသည်။ မြတ်မင်းတို့ဆိုသည်မှာလည်း ဘူးဆိုဖရုံသီးချင်တာမဟုတ်။
" ကျွန်တော်ပြောပြီးသား အလုပ်လုပ်ဖို့စိတ်မပါသေးဘူးလို့"
"ဘယ်တော့စိတ်ပါမှာလဲ ဟမ်.. အေး နင် တကယ်လို့လက်မခံရင် ငါ နင့်ကို အမေရိကားကို ပြန်ပို့လိုက်ရမလား"
လမင်းစကားကြောင့် မြတ်မင်းမျက်မှောင်ပင်ကြုံ့မိတော့၏။ အရင်က မပြန်ချင်တုန်းကကျ အတင်းမြန်မာပြည်ကိုပြန်လာဖို့ခေါ်တုန်းကခေါ်ပြီး အခု မိမိမပြန်ချင်တဲ့အချိန်ကျ အတင်းလွှတ်နေသည်။ ဘယ်လိုအမမှန်းကိုမသိတော့။
ESTÁS LEYENDO
Kiss me,Baby (Completed)