14🌼U&Z

760 72 2
                                    

မြောက်ပြန်လေညှင်းနဲ့အတူ ဝေ့ဝဲကာ ကြွေကျနေသော ဧကရာဇ်ပန်းတို့၏ အလယ်... ပင်စည်ကို မှီကာ ထိုင်ရင်း မျက်လုံးတို့မှေးမှိတ်ကာ ပန်းရနံ့ကို အာရုံခံနေမိသည်။သည်နေရာမှာ ထိုင်နေမိသည်မှာ အချိန်မည်မျှကြာသွားသည်မသိ။ ပခုံးထက် ကျရောက်လာသော ဧကရာဇ်ပန်းတစ်ပွင့်ကြောင့် မျက်လုံးတို့ကိုဖွင့်ကြည့်မိတော့ ညနေရီတရော ပင် ရှိချေပြီ။ ခေါင်းတစ်ချက်ငဲ့ကာ ပန်းပွင့်ကို ယူလိုက်ရင်း ယောင်ထုံးထက် ထိုးစိုက်ရန် ဟန်ပြင်မိပြီးမှ မြေပြင်ပေါ် အသာချထားခဲ့လိုက်သည်။ ကတ္တီပါဖိနပ်တစ်ရံက ပန်းပွင့်ရဲ့နံဘေးမှ ဖြတ်လျှောက်ကာ အဝေးသို့ ထွက်သွားခဲ့လေသည်။

ပန်ဆင်ရန်မထိုက်တန်လေမှတော့.... မြေယံမှာပဲ ကြွေကျပါစေတော့...

အိမ်ရှေ့ခန်းမှာ အကြမ်းရည်ထိုက်သောက်နေသော အဘအား အရိုအသေပြု နှုတ်ဆက်ပြီး အိပ်ခန်းဆီ ဦးတည်ခဲ့သည်။ တံခါးကို ဖွင့်ပြီး အခန်းထဲရောက်သည်အထိ ခေါင်းငုံ့နေသဖြင့် ထူးဆန်းမှုကို သတိမထားမိ။ ခေါင်းပေါင်းစကို ဖြည်ချကာ ဆံနွယ်တို့အား ဖီးသင်ရန် ပြင်သော အခါမှ ပြတင်းဝနား ရောက်နေသူကို မြင်ပြီး အထိတ်တလန့် အော်လိုက်မိသည်။

"နောင်ကြီးမင်းထင်! "

အခန်းတွင်းသို လျင်မြန်စွာ ခုန်ဝင်လာပြီး အနားနားရောက်လာသူကို ငေးကြည့်နေဆဲမှာပင် မျက်နှာရှေ့ ကမ်းပေးလာသည်က ဧကရာဇ်ပန်းတစ်ပွင့် ။

" ဘာ့ကြောင့်များ မပန်ဆင်ဘဲ စွန့်ပစ်ခဲ့ရတာလဲ ငယ်ထွေးရယ်.. "

" နောင်ကြီး ပြန်ပါတော့... ကျုပ်တောင်းဆိုပါရစေ ပြန်ပါတော့ "

" ဘာလဲ... ငယ်ထွေးရဲ့ကြင်သူကြောင့်လား မဟုတ်ဘူး ကြင်သူမဟုတ်ဘူးဆိုတာ ကျုပ်သိပြီးသား "

" ကိုရင် မင်းထင်! "

" သြော...ဟော... လေသံတွေတောင် ပြောင်းလဲသွားပါပကောလား ရဝေထွေးရဲ့ ဟမ်... "

တစ်လှမ်းခြင်းတိုးကပ်လာကာ ဆံနွယ်တွေကို ယုယုယယ ထိကိုင်လာပါလေသော နောင်ကြီး မင်းထင်ရယ်ပါ.... ။ ခေါင်းငုံ့ကာ ဆံနွယ်တွေအား နမ်းရှိုက်လာသဖြင့် ဆွဲယူလိုက်မိစဥ် လက်ခုံပေါ် ကျရောက်လာသော မျက်ရည်တစ်စက်...

ပန်းဘွဲ့အလင်္ကါ (Completed  )Where stories live. Discover now