ခန်းစီးစခပ်ပါးပါးကို ဆွဲဖယ်လို့ လမ်းတစ်ဖက်က ခြံဝန်းဆီ မကြာခဏကြည့်နေမိသည်။ တိတ်ဆိတ်ငြိမ်သက်လို့နေသည်မှာ လူသူမရှိလေသည့်အလား ။ မနက်ပိုင်း အလုပ်သွားသည့် ဦးလေးကို တစ်ခဏမြင်ရပြီး စျေးဝယ်ထွက်သည့်အန်တီ့ကိုလည်း ထိုတစ်ချိန်မှာသာ မြင်တွေ့ရသည်။ ဆပ် ကတော့ခြံထဲတောင် မဆင်း ။
Active မဖြစ်တော့သော acc ရယ် ဆက်သွယ်လို့မရနိုင်သည့် ဖုန်းနံပါတ်ရယ်ကိုသာ ထိုင်ကြည့်ရင်း သက်ပြင်းချမိသည်မှာအကြိမ်ကြိမ်။ လှမ်းမြင်နေ ရသည့် ခြံဝန်းဘက်ကို ကြည့်ရင်း ကိန္နရီကိန္နရာ ချောင်းခြားသည့်အဖြစ်လိုပါလား လို့ တွေးမိလာသည်။ ချောင်းမခြားဘဲ လမ်းတစ်ခုသာခြားပေမယ့် အဆက်သွယ်မရလေတော့ လူကနေမထိထိုင်မသာ ။ သည်ကြားထဲ လမ်းပေါ် ဖြတ်သွားသည့် ထီသည်လေးက ဖွင့်သွားပြန်သည်က 'သံလွင်ချောင်းခြား ' တဲ့လေ။
"သံလွင်....ချောင်းခြား တို့နှစ်ယောက်သား....
သံ..လွင် ချောင်းခြား.. တို့နှစ်ယောက်သား....
သံလွင်မြစ်ထဲမျက်ရည်တွေ... စီးဆင်းပါစေ....... "
မျက်ရည်တော့မကျမိပေမယ့် စိတ်က နေမကောင်းဖြစ်ရသည်။ မနက်ဖြန်ဆိုလျှင်ပင် ဆပ် ဘွဲ့ယူမည့်နေ့ ရောက်ချေပြီ။ မိဘတွေနဲ့ အဆင်မပြေ ဖြစ်နေရတော့ ဘွဲ့ယူပြီး ပျော်ရမယ့်အချိန်လေးမှာတောင် ပျော်ရွှင်နိုင်မှာမဟုတ်။
သူ့မိဘတွေကတော့ စသိသိချင်း နှစ်ယောက်စလုံးက တစ်လေသံတည်းထွက်လာခဲ့သည်။
" ပါးတို့မားတို့က သားကို ပညာတွေသင်ပေးခဲ့တာ စဥ်းစားဆုံးဖြတ်တတ်စေဖို့ အမှန်အမှားခွဲခြားနိုင်စေဖို့... သားက ဆေးပညာတောင် သင်ယူနေတဲ့ ထက်မြတ်တဲ့ ဥာဏ်ရည်ရှိနေပြီးသားသူ
သားမှန်တဲ့ထင်တဲ့အရာ သားဆုံးဖြတ်တဲ့အရာကို ပါးတို့က ဘာမှဝင်ပြီး မစွက်ဖက်လိုဘူး မိဘတွေရဲ့ အတ္တတော့ရှိတာပေါ့ ဒါပေမယ့် မိဘရဲ့အတ္တအတိုင်း လိုက်ပြုပြင်နေလို့မှမရတာပဲကွယ်....
တစ်ခုပဲ သားရဲ့ရွေးချယ်မှုကနေ ရလာမယ့်အကျိုးဆက်ကတော့ သားကိုယ်တိုင်ပဲ ခံယူရမှာ ဒါပါပဲ "
YOU ARE READING
ပန်းဘွဲ့အလင်္ကါ (Completed )
Historical Fictionအလင်္ကါမောင်...ဆိုတဲ့ ကောင်က ရာသီအလိုက် ပန်းဘွဲ့တွေ သီကျူးနေတဲ့ ကောင် ... နွေရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. ကံ့ကော်ဦး.. ပိတောက်ဝါ ငုဝါ..... မိုးရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. စံပယ်ဖြူ.. ဇွန်လေးငုံ ဟော.. ဆောင်းရာသီမှာ တွဲခဲ့ဖူးတဲ့ သ...