ပန်းဘွဲ့အလင်္ကါ

947 50 34
                                    

တသွင်သွင်စီးဆင်းနေသော မြစ်ဧရာသည်  တည်ငြိမ်သော အလှတရားဖြင့်  မြို့အလီလီကိုဖြတ်ကာ စီးဆင်းနေဆဲ။ စစ်ကိုင်း  မန္တလေး   နှင့် အင်းဝ ခနောက်ဆိုင် မြို့သုံးခုကြားအရောက်မှာ  ပိုလို့ပင် အေးဆေးတည်ငြိမ်နေသယောင်။  အလယ်မှာ ဖြတ်ထိုးထားသည့်  စစ်ကိုင်းတံတားဟာလည်း  မြစ်ဧရာ၏အလှကို ပံ့ပိုးပေးနေသည်။  အင်းဝမြို့အစွန်ဖျားရှိ ဆင်ကျုံးခံတပ်မှ ကြည့်လျှင် သည်ရှုခင်းတွေကို ထင်ထင်လင်းလင်းမြင်နိုင်ပေသည်။

ဟိုတစ်ချိန်က နှစ်ယောက်အတူ လာနေကျ အဝမြို့ဟောင်း  ...အခုတော့ တစ်ယောက်တည်း အထီးကျန်ဆန်စွာထိုင်ရင်း မြစ်ရေပြင်ကို ငေးကြည့်နေမိသည်။ မနက်အစောပိုင်းကတည်းက အင်းဝမြို့ကို သူရောက်​နေခဲ့သည်။ နန်းမြင့်မျှော်စင်  .. ဗားကရာကျောင်း  ဝင်္ကပါဘုရား စသည့် နေရာတွေကို ပတ်သွားပြီးနောက် ရတနာဆီမီးစုဘုရားဆီရောက်တော့  အလင်္ကါ့ပုံရိပ်တွေက ထင်ဟပ်လာပြန်သည်။ ရှေးဟောင်းပြတိုက်ထဲမှာတော့  အသေချာထိန်းသိမ်းထားသည့်  ကညစ်တံဟောင်းလေးကို  ငေးကြည့်မိခဲ့သည်။ ကညစ်တံနှင့်အတူ ပေးခဲ့သည့်  လက်စွပ်လေးကတော့  ယခုထက်ထိ လက်သူကြွယ်မှာ ရှိနေဆဲ ။ အမှတ်တရတွေက ရှိနေဆဲပါ.. အမှတ်တရတွေကို ဖန်တီးပေးခဲ့သူကသာ ပျောက်ကွယ်သွားခဲ့တာ ။

အလင်္ကါ..... ငါပဲ ဝဋ်ကြွေးပါလာတာလား  ငါတို့နှစ်ယောက်ရဲ့ ကံကြမ္မာဆိုးပဲလား.... တကယ်တော့ ငါ့ရဲ့ကံကြမ္မာပဲ ဖြစ်မယ်ထင်ပါတယ်   ချစ်ရသူကိုဆုံးရှုံးရတဲ့နာကျင်မှု  ငါပဲ ခံစားနေခဲ့ရတာလေ   အကြိမ်ကြိမ်ပေါ့  

တစ်နေ့လုံး လျှောက်သွားနေခဲ့ပြီးမှ ညနေဘက်အချိန်ရောက်တော့  ဆင်ကျုံးခံတပ်ဘက်မှာ လာထိုင်နေခဲ့ခြင်း ။ လူသူကင်းဝေးနေတဲ့ နေရာမှာ ငြိမ်ငြိမ်သက်သက်ထိုင်ရင်း  စစ်ကိုင်းတောင်ဘက်ဆီသို့ ငေးကြည့်နေမိခဲ့သည်။ လက်သူကြွယ်ကလက်စွပ်လေးကို ပွတ်သပ်ရင်း  တစ်ယောက်တည်းစကားတွေ တီးတိုးပြောနေမိခဲ့သည်။

" အလင်္ကါ..... မင်းထွက်သွားတဲ့အချိန်တုန်းကတော့   ငါတကယ်ပဲ မင်းရှိရာဆီ လိုက်လာချင်မိခဲ့တယ်     စခန်းအနောက်ဘက်က ဧကရာဇ်ပန်းတွေကို မြင်ရလေ   ငါ့စိတ်အခြေနေတွေက ပိုဆိုးလာလေပဲ     "

"  ဘယ်လိုပဲဖြစ်ဖြစ်ပါ... ငါ ဆက်ပြီး ရှင်သန်နိုင်ခဲ့တယ် ဆက်ပြီးတော့လည်း တွန်းလှန်နိုင်ခဲ့တယ်    အခုတော့ မင်းမြင်နိုင်မှာ မဟုတ်ပေမယ့် ငါတို့တွေ အောင်ပွဲခံနိုင်ကြပြီ  အလင်္ကါ.......   ပြန်လည်တည်ဆောက်ရမှာတွေက များလွန်းပေမယ့်ပေါ့  "

" မင်း  ငါ့ကို စောင့်နေသေးလား   အလင်္ကါ....   အခုငါလာတာ  မင်းကို နှုတ်ဆက်ဖို့ပဲ    ငါ ထပ်ပြီးတော့  မင်းနောက်ကို မလိုက်တော့ဘူး  
လည်ပတ်နေတဲ့ ငါတို့နှစ်ယောက်ရဲ့ ကံ​ကြမ္မာ  ကို ရပ်တန့်လိုက်ချင်ပြီ.....  မကောင်းသော ဝဋ်ကြွေးတွေ  ကျေအောင် ဆပ်လိုက်ပြီး ဒီဘဝမှာပဲ  အဆုံးသတ်ပါစေတော့             "

" သံသရာစက်ဝန်းက မလွတ်မြောက်သေးသမျှ ကာလပတ်လုံး   မင်းနဲ့တော့ အမြဲဆုံချင်တယ် အလင်္ကါရေ....   ကောင်းမွန်သောတွေ့ဆုံမှု လှပသောကံကြမ္မာတွေနဲ့လေ 

  ဟိုးးမှာမြင်နေရတဲ့ စစ်ကိုင်းတောင်ရိုးမှာ    ငါ ရဟန်းသွားဝတ်ဖို့ ဆုံးဖြတ်ထားတယ်   အချိန်ကာလတော့အတိကျမသိသေးဘူး....   မင်းအတွက် ရည်စူးပြီး လုပ်ဖြစ်တဲ့ ကောင်းမှုတစ်ခုလို့လည်း ပြောလို့ရတယ်   အလင်္ကါ    တစ်လကြာရင်ကြာမယ် ပျော်ရင်တော့ တစ်သက်လုံးလည်း ဖြစ်သွားနိုင်တာပဲ      "

" ဧကရာဇ်ပန်းတွေတောင် နောက်တစ်ကြိမ်ပွင့်ပြန်တော့မယ်  အလင်္ကါ...   ပန်းဘွဲ့ကို ငါမရေးနိုင်ပေမယ့်    ကဗျာဖြစ်ရုံလောက်တော့ ရေးမိခဲ့တယ်   
နောက်ဆုံးအနေနဲ့ ရွတ်ပြမယ်  အလင်္ကါ   "

နှလုံးသားရဲ့ပန်းအလင်္ကါ

မြေယံစွေးစွေး၊ ပန်းဖြူဖွေးတို့
ပိုက်ထွေးသင့်ဟန်၊ ကျလာပြန်လည်း
မျှော်ရန်လမ်းဝေး၊ ဘယ်သူငေးလို့
သီရေးခြယ်ကာသ လိမ့်မည်....

ရင်မှနွေးနွေး၊အကြင်နာဆွေးလည်း
တွေးတောမှန်းရည် ၊ပုံအပ်မည်ကို
ဘယ်ဆီ တမ်းတ ၊ နှင်း ပါရလိမ့်
အချစ်သက်လှယ်... ကွယ်သောကြောင့်

မင်းနဲ့အတူ ငါ့နှလုံးသားကလည်း ပါသွားခဲ့ပြီပဲ အလင်္ကါ......


ပန်းဘွဲ့အလင်္ကါ


ongoing လိုက်ပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်

အမြဲ vote ပေးခဲ့သူတွေကိုလည်း မှတ်မိနေပါတယ် လက်ဆောင် ပေးဖို့ကတော့လူပဲရှိပါတယ် 😂😂 ယူမယ်ဆို လာပြောပါ

ပန်းဘွဲ့အလင်္ကါ (Completed  )Where stories live. Discover now