ဆောင်းအကုန်နွေအကူးမှာ အစပျိုးခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ တစ်ကျော့ပြန်လာတဲ့ ဟေမန္တသို့ပင် တိုင်ခဲ့ပြီ။ အရှိန်အဟုန်ပြင်းပြင်းနဲ့ ဆက်လက်စီးဆင်းနေဆဲ ။ အားမာန်အပြည့်နှင့် ထွက်ခွာသွားသော သွေးသောက်တွေကို ကြည့်ရင်း စခန်းမှာကျန်ရစ်ခဲ့သူတွေက အားကျလို့မဆုံး။ အပင်ပန်းခံလေ့ကျင့်ခဲ့သမျှကို လက်တွေ့အသုံးချလိုကြပြီ။ သူတို့ တွေ လက်နက်မဲ့နေစဥ်က ' ဘယ်ကောင်သေရဲလဲ ' ဆိုပြီး လက်နက်ကိုင်သောင်းကျန်းခဲ့သူ အယုတ်တမာတွေကို ရဲရဲဝံ့ဝံ့ စိန်ပြန်ခေါ်ချင်နေကြပြီ။
မပြည့်မစုံလက်နက်တွေကို တယုတယ ကိုင်ကာ ထွက်သွားကြသူတွေထဲမှ အလင်္ကါ့ကျောပြင်ကို ပျောက်ကွယ်သွားသည်အထိငေးကြည့်နေမိခဲ့သည်။ မထွက်ခွာခင်က ပြောခဲ့သော စကားတွေက နားထဲမှာ ရစ်ဝဲနေဆဲ။
" ဘာမှစိတ်ပူမနေနဲ့နော် ဆပ်... ငါ ပြန်လာခဲ့မယ် စောင့်နေ
"" မင်းပြောတဲ့ ဧကရာဇ်ပင်အောက်မှာ စောင့်နေမယ် မင်းပြန်လာမယ့်အချိန်ထိ "
လေတစ်ချက်ဝှေ့တိုင်း တဖြုတ်ဖြုတ် ကြွေလာသော ဧကရာဇ်ပန်းတို့ကို မော့ကြည့်ရင်း ချစ်ရသူ ဘေးကင်းစေဖို့ မေတ္တာပို့နေမိသည်။
အာဏာရှင်စနစ် ကျရှုံးပါစေ... အမှန်တရားရဲ့တိုက်ပွဲတွေသာ အောင်နိုင်ပါစေ ..
ညနေစောင်းသည်အထိ ပြန်မလာကြသေးသော အဖွဲ့ဝင်တွေကို စခန်းဝမှာရပ်ကာ စောင့် နေမိကြသည်။ အပင်ကြီးတွေ အုံ့ဆိုင်းနေသော စခန်းအဝင်တောလမ်းလေးကို လှမ်းကြည့်နေရသည်မှာလည်း လည်ပင်းရှည်တော့မည်။ အနောက်ရပ်ဝန်းဆီ နေမင်းက ခိုအောင်းစပြုချိန် နောက်ဆုံးသော ရောင်ခြည်ကို လွှတ်ထုတ်နေချိန်မှာတော့ စောင့်မျှော်နေသူများ ၏ ခြေသံကို ကြားလိုက်ရသည်။
" ပြန်လာကြပြီ... ပြန်လာကြပြီ "
အကုန်လုံး စခန်းအဝင်ကို အပြေးသွားကာ ကြိုကြသည်။ သူတို့ကလည်း အပြေးလာသလို တစ်ဖက်က တပ်ဖွဲ့ဝင်တွေကလည်း ခြေလှမ်းသုတ်သုတ်နဲ့ အမြန်လာနေကြရာ အနီးနားရောက်မှ မူမမှန်သည်ကို သတိထားမိလိုက်ကြသည်။ အလယ်မှာ ကျောပေါ်တင်သယ်ဆောင်ခြင်းကို ခံလာရသည့် အဖွဲ့ဝင်တစ်ဦး ။ အကုန်လုံး ရုတ်ရုတ်သဲသဲ ဖြစ်ကာ တပ်ဖွဲ့ဆီကို ပြေးသွားကြတော့သည်။
YOU ARE READING
ပန်းဘွဲ့အလင်္ကါ (Completed )
Historical Fictionအလင်္ကါမောင်...ဆိုတဲ့ ကောင်က ရာသီအလိုက် ပန်းဘွဲ့တွေ သီကျူးနေတဲ့ ကောင် ... နွေရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. ကံ့ကော်ဦး.. ပိတောက်ဝါ ငုဝါ..... မိုးရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. စံပယ်ဖြူ.. ဇွန်လေးငုံ ဟော.. ဆောင်းရာသီမှာ တွဲခဲ့ဖူးတဲ့ သ...