တရိပ်ရိပ်ပြေးနေသောကားလေးက လမ်းတစ်ဖက်တစ်ချက်ဆီမှ လယ်ကွင်းတွေကို အနောက်တွင် ချန်ခဲ့ကာ တစ်ခုသော အရပ်ကို ဦးတည်နေခဲ့သည်။ တောင်ငူမြို့မှ ထွက်လာသည်နှင့် စိတ်တွေက ပိုပို လှုပ်ရှားလာသည်။ ချစ်သူရှိရာ အရပ်နှင့်နီးလေလေ နှလုံးခုန်နှုန်းက ပိုပိုတိုးလေပါပဲ ။ တစ်ခေါက်တလေတောင် မရောက်ဖူးပါသော အရပ်သို့ တစ်ကိုယ်တော် ခရီးနှင်လာခြင်းက စွန့်စားမှုတစ်ခုလိုပင်။ GPS ကိုဖွင့်ကာမောင်းရင်း မြို့နာမည်တွေကို လိုက်ကြည့်ရသည်မှာ အမော။
ပဲနွယ်ကုန်း ၊ ကျောက်တံခါး... စသည့် စသည့် မြို့လေးတွေကို ဖြတ်ကျော်ကာ ညောင်လေးပင်ဆိုသည့် မြို့မှာတော့ ရှေ့ဆက်ရမည့် လမ်းခရီးကို မရေရာလေသဖြင့် လမ်းဘေးမှ ဆိုင်တစ်ခုဆီဝင်ကာ စုံစမ်းမေးမြန်းရတော့သည်။
" သြော်.. ရွှေကျင်လား... ဟောသည့် မြင်းရုပ် အနောက်က လမ်းအတိုင်းသာ ဆက်သွား ဘယ်မှ မကွေ့နဲ့ မဒေါက် ဆိုတဲ့ မြို့ကို ရောက်လိမ့်မယ်... မဒေါက်ရောက်ရင် ရွှေကျင်ရောက်တာပဲ ကွဲ့... စစ်တောင်းမြစ်ပဲ ခြားတာ တစ်ဖက်ကမ်းက ရွှေကျင်လေ... "
ဦးလေးကြီး လမ်းညွှန်သည့်အတိုင်း ဆက်မောင်းလာခဲ့သည်။ လမ်းတွေက သိပ်တော့ မကောင်း ။ မောင်းလို့ဖြစ်သည်ဆိုရုံသာ ။ ကိုဗစ် ရောဂါ ငြိမ်သွားသည့်အခိုက် လမ်းတွေဖွင့်တုန်း နှစ်ခါမစဥ်းစားဘဲ အပြေးလာခဲ့မိသည်က ဆပ် ရှိရာအရပ်ဆီ ။ ဟိုမေး သည်မေး ခရီးဆက်လာခဲ့သည်မှာ ဆပ် တာဝန်ကျရာ မြို့ငယ်ဆီသို့ပင် ရောက်ရှိလာခဲ့ပြီ။
မန်းမြို့ရဲ့ဘေးမှာက ဧရာဝတီ.. ဟောသည်မြို့ငယ်လေးရဲ့ ဘေးမှာက စစ်တောင်းမြစ် ၊ ထို့အပြင် ချောင်းတစ်ခုက ထပ်ပြီးကာရံထားပြန်သည်။ မြို့ရဲ့နောက်ခံမှာက တောင်စဥ်အထပ်ထပ်ဆီးကာလို့... တကယ့်ကို ချောင်ကျကျ မြို့လေးပင်။ မြို့အဝင်ဝ တံခါးမုခ်ဦးက မန်းမြို့ရဲ့ရွှေနန်းတော်ကို အမှတ်ရစေနိုင်သည် ဆိုပြီး ဆပ် ပြောခဲ့သည်ကလည်း မမှား ။
မြို့ထဲရောက်ပြန်တော့ ဆေးရုံရှိရာအရပ်ကို မေးမြန်းရပြန်သည်။ တောင်ကုန်းမြင့်ပေါ်ကို မောင်းတက်ခဲ့ရပြီး အပင် ကျိုးတိုးကျဲတဲ နှင့်ပန်းခြံငယ်ကို ကျော်လွန်ပြီးနောက် မြို့အစွန်ရှိ ဆေးရုံသို့ ရောက်ရှိလာခဲ့ပေပြီ။
YOU ARE READING
ပန်းဘွဲ့အလင်္ကါ (Completed )
Historical Fictionအလင်္ကါမောင်...ဆိုတဲ့ ကောင်က ရာသီအလိုက် ပန်းဘွဲ့တွေ သီကျူးနေတဲ့ ကောင် ... နွေရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. ကံ့ကော်ဦး.. ပိတောက်ဝါ ငုဝါ..... မိုးရာသီမှာ တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်က. စံပယ်ဖြူ.. ဇွန်လေးငုံ ဟော.. ဆောင်းရာသီမှာ တွဲခဲ့ဖူးတဲ့ သ...