Part-22(Uni and Zawgyi)

40.7K 2.7K 132
                                    

Scroll down for Zawgyi ❤

လွန်ခဲ့သောငါးနှစ်ကျော်က.....

ဆောင်းလေညင်းသည် နေစောင်းလာလေအအေးပိုလာလေဖြစ်ပြီး ကောင်းကင်ယံတွင် သော်တာလမင်းသည်တဖြေးဖြေး ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်သည်။

အထူးကုဆေးခန်းငယ်လေးအတွင်းထဲတွင်တော့ ခပ်ရွယ်ရွယ်လူငယ်ဆရာဝန်လေးသည် ဆေးပစ္စည်းများအား သိမ်းဆည်းလျက် သူ၏ဂျူတီကုတ်ဖြူဖြူအား တိုင်တွင်ချိတ်လိုက်၏။သူ၏တစ်နေ့တာလုပ်ငန်းများပြီးဆုံးသွား၍ ဆေးခန်းပိတ်ရန်အချိန်ရောက်လာခဲ့ပြီဖြစ်သည်။

မှန်တံခါးများအားပိတ်ချလိုက်ပြီးနောက် ဘာဂျာသံပန်းတံခါးအားတစ်ခါတည်း ဆွဲစေ့၍ဆေးခန်းပိတ်လိုက်၏။ပြီးနောက်ဆေးခန်းရှေ့တွင်ရပ်ထားသည့် သူ၏crownကားခဲရောင်လေးပေါ်သို့တက်ကာ စက်နှိုးလိုက်သည်။ orchestra musicတစ်ခုအားဖွင့်လိုက်ပြီးနောက် ကားခဲရောင်လေးကိုစတင်မောင်းနှင်တော့သည်။ဆောင်းညနေခင်းဖြစ်တာကြောင့် နေဝင်စော၏။အမှောင်ထုသည်တဖြည်းဖြည်း ကြီးစိုးလာနေပြီဖြစ်သည်။

ခပ်အေးအေးမောင်းနှင်လာသည့် ကားခဲရောင်လေးရှေ့ထံသို့ လူငယ်တစ်ယောက်သည် ပြေးဝင်လာခဲ့သည်။ဝုန်းဒိုင်းကြဲမောင်းနှင်မလာသည့် ကားဖြစ်နေတာကြောင့်သာတော်တော့သည်။မဟုတ်လျှင် အရှိန်သတ်နိုင်မည်မထင်။ပြေးဝင်လာသည့် ကောင်လေး၏အသက်သည်လည်း အာမခံရန်ခဲယဉ်းလှသည်။

အလျင်အမြန်ဘရိတ်အုပ်လိုက်တာကြောင့် သူ့ခေါင်းသည်စတီယာရင်ဖြင့်သွားဆောင့်မိတော့သည်။စိတ်ညစ်ညူးစွာ တစ်ချက်စုတ်သပ်၍သက်ပြင်းခပ်လေးလေးချကာ လက်ျာလဝန်းကားပေါ်မှဆင်းလိုက်သည်။

နာနေသည့်နဖူးကိုပင် ဂရုမစိုက်နိုင်စွာ ကားရှေ့ဝင်ပြေးသည့်လူအား သူ့ကားနှင့်မတိုက်မိသည့်တိုင် စိုးရိမ်စိတ်မကင်း၍ဆင်းကြည့်ရခြင်းဖြစ်သည်။လက်ျာလဝန်းသည် တစ်ပါးလူအပေါ်ညှာတာတတ်သော စိတ်ထားရှိသူဖြစ်သည်။ကိုယ့်ကိုယ်ကိုထက်အခြားလူအား ပို၍တွေးပူပေးတတ်သည်။ထို့ကြောင့်လည်း ဆရာဝန်ဖြစ်လာခြင်းဖြစ်လိမ့်မည်။

"ဟေ့ အဆင်ပြေရဲ့လား ဘယ်နားခိုက်မိသွားသေးလဲ"

လဲကျနေသည့်လူနှင့် သူ့ကားသည်တစ်တောင်လောက်ကွာသော်လည်း ခန္ဓာကိုယ်ပိန်ပိန်ပါးပါးနှင့် ပွယောင်းယောင်းဆံပင်ကောက်များရှိသည့် လူငယ်၏ပုံစံကိုကြည့်လျက် စိတ်ပူစွာပြောလိုက်၏။ထိုအခါ မော့ကြည့်လာ၍ ပွယောင်းယောင်းဆံပင်ကောက်များကြားမှ ထွက်ပေါ်လာသည့် မျက်နှာသွယ်သွယ်ထံတွင် ဒဏ်ရာအနာတရတို့ကိုကားမီးရောင်ဖြင့် ထင်ထင်ရှားရှားတွေ့လိုက်ရသည်။

I married my sister's husband{Completed}Où les histoires vivent. Découvrez maintenant