Part-35(Uni and Zawgyi)

32.5K 2.4K 52
                                    

Scroll down for Zawgyi❤

လင်းထင်ကျော်ဇောသည် ဘယ်အရာကမှသူ့ကိုထိုမျှလောက် မနာကျင်စေသေးဘူးဟုယူဆမိသည်။သန်မာတောင့်တင်းလှသည့် ခြေတံရှည်များသည် ယခုတော့လေဒဏ်ခံရသည့်ကျူရိုးများနှယ် ယိုင်ထိုးနေခဲ့ပြီးသူ၏နှလုံးသားကို တန်ချိန်များလှသောကျောက်ခဲကြီးဖြင့် တွဲချည်ထားပြီး မီးစပြင်းပြင်းဖြင့် ထိုးနှက်ခံရသောခံစားချက်မျိုးကိုခံစားရသည်။တင်းကြပ်လေးလံ၍ အလွန်ပူပြင်းလှသည်။

အသက်မဲ့တော့မယောင်စိတ်ကိုမနည်းဆောင်ကျဉ်းလျက် တန်ခူးရိပ်၏အခန်းထဲသို့ ဝင်ခဲ့သည်။ဝင်သည်ဆိုရာ၌ အခန်းဝတွင် မိနစ်အနည်းငယ်လောက်ရပ်လျက် နိုးနေပြီဖြစ်သော တန်ခူးရိပ်အားမည်သို့မျက်နှာပြရမလဲဟူသည့် စိုးရွံ့စိတ်ကိုလက်ဝယ်ပိုက်ထားလျက် ရပ်နေခဲ့ခြင်းဖြစ်သည်။

လေတိုက်လျှင်ပါသွားတော့မည့် စက္ကဖြူတစ်စ၏ပုံရိပ်ကိုတုယူထားသော တန်ခူးရိပ်သည် ဗလာသက်သက်မျက်ဝန်းများဖြင့် ပြတင်းတံခါးဝအား စိုက်ကြည့်နေ၏။မှောင်မဲနေပြီဖြစ်သော ဆေးရုံပတ်ဝန်းကျင်သည် ဘာမှအရသာခံကြည့်ရှုစရာမြင်ကွင်းမရှိ။တန်ခူးရိပ်သည်လည်း ထိုမြင်ကွင်းအားကြည့်နေခြင်းဖြစ်သော်လည်း  သူ၏စိတ်တွေသည် နေရာအနှံ့အပြားဆီသို့ပျံ့လွင့်နေတာမျိုးလည်း ဖြစ်ချင်ဖြစ်မည်။

သေချာတာတစ်ခုကတော့ သူ့ထံတွင်ကြီးကြီးမားမားအရာများကို လောလောလတ်လတ်ဆုံးရှုံးလိုက်ရသည့် လူတစ်ယောက်၏နာကျင်မှုမျိုး ဖြူဖျော့ဖျော့မျက်နှာပေါ်တွင် အပြည့်ပေါ်နေခဲ့သည်။

"ကူးမှာအမြွှာအမရှိတာ ဦးသိမှာပါ။ဆရာဝန်ကြီးကလည်း မေးတယ် အမြွှာရှိလားတဲ့။မိန်းကလေးအမြွှာမလို့ ို့ကူးမှာပါသားဥအိမ်ပါလာတယ်ထင်တယ်။ချို့ယွင်းချက်လား ကောင်းချီးပေးခံရတာလားမသိပါဘူး။အခုတော့ အဲ့ဒါကကူးအတွက်ကျိန်စာပဲ ကူးမှာသာအဲ့ဒါပါမလာခဲ့ရင်လေ သူလဲကူးလိုလူဆီလာခဲ့ရမှာမဟုတ်ဘူး။အဲ့ဒီ့အခါ သူလဲအခုလိုပြန်ထွက်သွားစရာ အကြောင်းမရှိတော့ဘူးလေ"

လင်းထင်ကျော်ဇော တံခါးဝတွင်ရပ်နေသည်ကို တန်ခူးရိပ်ကသိပုံပင်။မှောင်မဲလာသည့်ပြတင်းတံခါးဆီကနေကို အကြည့်မခွာဘဲ စိတ်ပျက်အားလျော့နေသည့် လေသံဖြင့်စကားတွေကို မရပ်မနားပြောသည်။တင်းကြပ်လွန်းသည့်အစိုင်အခဲတွေအား တစ်ခုချင်းစီပြန်အန်ထုတ်နေသည့် လူလိုခရားရေလွှတ်ပြောနေခဲ့တာ။ရှိုက်ကြီးတငင်ငင်မငိုနိုင်တော့သည့် နာကျင်မှုမျိုးက အခြားအရာတွေထက် အဆမတန်ပို၍နာကျင်ရသည်။

I married my sister's husband{Completed}Where stories live. Discover now