Part-37(Uni and Zawgyi)

35K 2.5K 102
                                    

Scroll down for Zawgyi❤

တန်ခူးရိပ်သည်ဆောင့်ကြောင့်ထိုင်လျက် အုတ်ခဲအပိုင်းကျိုးတစ်ခုဖြင့် အောက်မှဗာဒံစေ့အား အားစိုက်၍ထုထောင်းနေ၏။သူ့ဘေးတွင် အမြွှာနှစ်ယောက်ဟာဘေးတွင် တန်းစီငုတ်တုတ်လေးတွေထိုင်လို့ ထုခွဲပြီးရလာမည့်ဗာဒံအဆံဖြူဖြူလေးအား အလုအယက်စားကြရန်စောင့်နေသည်။လုသည်ဆိုတာလည်း အငယ်မလေးကလုခြင်းသာ။အကြီးကောင်လေးက သူ့နဂိုပုံစံလေးအတိုင်း တည်တည်ငြိမ်ငြိမ်အေးအေးလေးသာ ထိုင်ကြည့်နေခြင်းဖြစ်သည်။တစ်ချက်တစ်ချက် တန်ခူးရိပ်အားလက်ထုမိမည်ကိုလည်း စိုးရိမ်၍ သတိပေးစိတ်ပူလျက်ရှိပါသည်။

ဒီရက်ပိုင်းများတွင် တန်ခူးရိပ်၏အဖော်သည် ထိုအမြွှာနှစ်ယောက်သာဖြစ်နေ၏။အမြွှာနှစ်ယောက်ကလည်း တန်ခူးရိပ်အားသိပ်ခင်ကြသည်။သူတို့ကျောင်းဆင်းပြီးပြန်လာတာနဲ့ တန်ခူးရိပ်တို့ခြံတံခါးဝရှေ့သို့ ရောက်ရောက်လာတတ်၏။မယောင်မလည်ဖြင့် ဆော့ဖော်ဆော့ဖက် ကူကူးအားလာခေါ်ကြခြင်းပင်။ဘာလိုလိုဖြင့် တန်ခူးရိပ်ဒီကိုရောက်သည်မှာ တစ်ပတ်ပင်ပြည့်လုပြီ။

"ကိုကူး ဖုန်းလာတယ်"

ခြံဝနားရှိ ယဉ်ယဥ့်အသံကစီခနဲထွက်လာသည်။နေ့လည်ဘက်တွေဆိုလျှင် မေမေ့တူမယဉ်ယဉ်က အဖော်လာလုပ်ပေးပါသည်။မဖြူငယ်ကအခုထိပြန်မရောက်သေး။ခြေထောက်ကျိုးသွား၍ ကျောက်ပတ်တီးကိုင်ထားရသည်လို့တော့ ပြောတာပင်။

ဖုန်းဆိုသည့်အသံကြောင့် တန်ခူးရိပ်ဆတ်ခနဲထရပ်လိုက်ပြီး လက်တွေကိုနှစ်ဖက်ပွတ်ခါလိုက်ကာ မပြေးရုံတမယ်ထသွားလိုက်သည်။အမြွှာနှစ်ယောက်အား လက်ထိမိမည်စိုး၍ မထုထားနှင့်ဦးဟုမှာခဲ့ရန်လည်း မမေ့။ယဉ်ယဉ်ကတော့ စိတ်ချရပါသည်။ထိုကောင်လေးက လူကြီးတစ်ယောက်ထက်ပင် ပို၍လူကြီးဆန်သေးသည်။

ယဉ်ယဥ့်လက်ထဲမှ ဖုန်းအားအလောတကြီး ဆွဲယူလိုက်၏။ထင်ထင့်ဆီမှဖုန်း တစ်နည်းအားဖြင့်လင်းထင်ကျော်ဇောထံမှ သွယ်ဝိုက်ခေါ်ဆိုသည့်ဖုန်းပင်။တစ်ပတ်လုံးလုံး ထိုကဲ့သို့သာနှစ်ပါးသွားကြသည်။ထင်ထင့်ဆီကဆိုသည့် အမည်ခံဖုန်းနောက်တွင် လင်းထင်ကျော်ဇောက တစ်ချိန်လုံးထင်ထင့်ဘေးမှနေ၍ သူပြောလိုသည်များအား တစ်ဆင့်ပြောခိုင်းသည်။ဥပမာ ကူကူးကိုဒယ်ဒီကလွမ်းနေပြီဆိုတာမျိုး။

I married my sister's husband{Completed}Onde histórias criam vida. Descubra agora