Chapter (3) Zawgyi

1.8K 36 0
                                    

မနက်ခင်းဖြစ်သောကြောင့် Fitness Centerထဲတွင် ကစား‌‌နေသူများပြည့်‌နေသည်။ gym training ခန်းထဲမှာတော့ စက်ကိရိယာမျိုးစုံနှင့် လှပကြံ့ခိုင်သောခန္ဓာကိုယ်ပိုင်ရှင်များ၏ လှုပ်ရှားမှုတစ်ခုစီတိုင်းမှာ ကျုံ့လိုက်ဆန့်လိုက်ဖြစ်နေသည့်ကြွက်သားများကို မြင်နိုင်သည်။

အပြေးလေ့ကျင့်စက်ပေါ်မှာ  ရှင်နေမင်းပြေးနေတာ နာရီဝက်လောက်ရှိနေပြီ။ သူ့လည်ပင်းတစ်လျှောက်၊ ရင်ဘတ်ကျယ်၊ ကြွက်သားအဖုထစ်အနည်းငယ်နှင့် ဖြူဝင်းသောလက်မောင်းတစ်လျှောက်မှာလည်း ချွေးများစိုရွှဲနေ၏။ အနည်းငယ်မောနေပြီဆိုတာ သူသိပေမဲ့ မရပ်တန့်ဘဲ ဆက်ပြေးနေမိသည်။

သူအကြိုက်ဆုံးက ကျုံးတစ်ပတ်စက်ဘီးနင်းရခြင်းဖြစ်ပေမဲ့ ဒီအခြေအနေနှင့်သာ စက်ဘီးနင်းလျှင် ကားတိုက်ခံရမှာသေချာသလောက်ရှိနေတာမို့ gymကိုရောက်လာရခြင်းပင်။ သူပြေးမှရမည်။ သူ့အတွေးတွေလွှတ်ထုတ်ဖို့အတွက် မရပ်မနားပြေးနေဖို့လိုသည်။ ရင်ထဲမှာတင်းကျပ်နေတာတွေ လျော့သွားဖို့အတွက် သူ့ခန္ဓာကိုယ်က မောပန်းပင်ပန်းနေဖို့လိုသည်။

သက်ငြိမ်အေး၏ပုံရိပ်တို့သည် သူ့နှလုံးသားထက်တွင် ဓာတ်ပုံရိုက်ထားသလိုစွဲထင်နေပြီး သူ့အတွေးတွေထဲမှာ
အနှေးပြကွက်သဖွယ် တစ်ကွက်ချင်းပြသနေသည်။ သက်ငြိမ်အေးကိုတွေ့ခဲ့ရသည့်
အကြိမ်ရေက လက်ချိုးရေလို့ရအောင် နည်းတယ်ဆိုပေမဲ့ သူ့နှလုံးသားထဲနေရာယူဖို့တော့ လုံလောက်ဟန်တူသည်။ အမေဆေးရုံဆင်းသည့်နေ့တည်းက သူ့အတွေးတွေထဲမှာ သက်ငြိမ်အေးသာ စိုးမိုးထားတော့သည်။

အသက်ရှူသံတွေပါပြင်းလာပြီး ရင်တစ်ခုလုံးလှိုက်ဖိုကာ မောပန်းလာသည်။ သူလုံးဝမခံနိုင်တော့သည့်အချိန်ရောက်နေပြီဖြစ်ရာ အပြေးလေ့ကျင့်စက်ကိုအရှိန်လျှော့ချလိုက်ရတော့သည်။ တဖြည်းဖြည်းနှေးကွေးလာသောသူ့ခြေလှမ်းတွေမှာ ခြေထောက်ကြွက်သားတို့ကတုန်ယင်နေသည်။

ရှင်နေမင်းသည်ထိုင်ချလိုက်ပြီး လည်ပင်းမှတဘက်ကိုချွတ်ကာ ချွေးတွေကိုလိုက်သုတ်လိုက်သည်။  ရေဘူးထဲမှရေကိုသောက်ရင်း ခဏလေးအမောဖြေနေမိသည်။

ချစ်ရေစက်Where stories live. Discover now