Chapter (32) Zawgyi

1K 26 1
                                    

စိတ်နှလုံးသားက စက္ကူပါးတစ်ချပ်လိုမျိုး တလှပ်လှပ်ဖြစ်နေရသော အချိန်များတွင် ရှင်နေမင်းသည် စိတ်နှင့်ကိုယ်တစ်သားတည်းဖြစ်အောင် မနည်းတောင့်ခံနေရသည်။ ရှင်နေမင်းပုံစံသည် ခပ်ယဲ့ယဲ့သာကျန်တော့သည့် အခြေအနေ။ သက်ငြိမ်အေးကိုအဖြစ်မှန်အားလုံး လိမ်ညာထားပြီး သူအခုထိပြေလည်အောင် မဖြေရှင်းနိုင်သေးပေ။

ရှင်နေမင်းမိဘတွေသည် ပြတ်သားသောရွေးချယ်မှုသာ ပြုလုပ်ရန်တွန်းအားပေးခဲ့သည်။ သူ့ရွေးချယ်မှုက သက်ငြိမ်အေးဖြစ်ခဲ့သည်။ ရှင်နေမင်းတကယ်ကို ပင်ပန်းနေခဲ့ပြီဖြစ်သည်။ မိဘများအား သူတို့ကိုလက်ခံအောင် သေချာဖျောင်းဖျမည်ဟု ဆုံးဖြတ်ချခဲ့သည်။ သက်ငြိမ်အေးကိုတော့ သူလမ်းခွဲမပေးနိုင် ထိုဆုံးဖြတ်ချက်တစ်ခုတည်းဖြင့် သည်အခြေအနေထိရောက်လာရခြင်းဖြစ်သည်။

မိဘရင်ကိုခြေစုံကန်သွားသော
သားဆိုးသားမိုက်လည်း ဖြစ်ရပြီ။ အချစ်ကြောင့်စုံလုံးကန်းနေသော သူရူးပမာလည်း ဖြစ်ခဲ့ရပြီ။ သံယောဇဉ်ကြိုးတစ်ခုကို မဖြတ်နိုင်လို့ အမြဲမြံဆုံးသောကြိုးကိုဖြတ်လိုက်သည့် မိုက်လုံးကြီးသူဟု သူ့မိဘတွေကထင်လိမ့်မည်။ သည်ထက်ပိုပြီး သူတတ်နိုင်တာမရှိပါ။ သက်ငြိမ်အေးကိုလည်း အမှန်အတိုင်းဖွင့်မပြောရက်ပေ။ သက်ငြိမ်အေးကိုရွေးချယ်မိလို့
မိဘတွေနှင့် မတွေ့ရတော့ဘူးဆိုတာ သိလျှင် ရှင်နေမင်းနှင့်ထပ်တူ ရင်ကွဲနာကျလိမ့်မည်။

သက်ငြိမ်အေးသာဆို ဘယ်လိုများဆုံးဖြတ်လိမ့်မလဲ။ သေချာပေါက် အထိအခိုက်နည်းသောလမ်းကို ရွေးသွားပါလိမ့်မည်။ သက်ငြိမ်အေး၏အထိအခိုက်နည်းသော လမ်းဆိုတာကိုယ့်အတွက်ကိုယ် လုံးဝမစဉ်းစားသည့်လမ်းဖြစ်၏။ ရှင်နေမင်းထိုအကြောင်းကို တွေးတောင်မတွေးရဲပေ။

ပြတ်သားသောဆုံးဖြတ်ချက်လည်းမချနိုင်သောရှင်နေမင်းမှာ အချိန်ရှိသရွေ့ သူ့မိဘတွေသူ့ကိုပြန်လက်ခံနားလည်ဖို့ ခွင့်လွှတ်လာဖို့ ကြိုးစားနေဦးမှာပဲဖြစ်သည်။ ယခုလက်ရှိမှာတော့ သူကသားဆိုးသားမိုက်ပဲ ဖြစ်နေဦးမည်။

အမှန်၊အမှားမသေချာသော နေ့ရက်တွေထဲမှာပိတ်မိရင်း သူသိပ်ကို မွန်းကြပ်ပင်ပန်းနေပြီ။




ချစ်ရေစက်Onde histórias criam vida. Descubra agora