Chapter (33)

3.9K 332 20
                                    

သက်ငြိမ်အေးသည် ရှင်နေမင်းနှင့်အမှန်တကယ်ပဲ လမ်းခွဲလိုက်ခြင်းဖြစ်သည်။ ရှင်နေမင်းအမေဆီကိုတောင် ဖုန်းဆက်သတင်းပေးလိုက်သေးသည်။ အရင်ကလိုမျိုး မျက်နှာထားတည်တင်းပြီး ရှင်နေမင်းနှင့်မသိခင်က သက်ငြိမ်အေးအဖြစ်ပြန်လည်ရောက်သွားဖို့ အချိန်ဘယ်လောက်မှမယူခဲ့ရပေ။ ရှင်နေမင်းကသာအရူးတစ်ပိုင်းလိုဖြစ်နေတာ။

ရှင်နေမင်းမေးသမျှတွေကိုလည်း ပြန်မဖြေတော့။ ဆေးရုံမှာဂျူတီမပြတ်ဆင်းနေပြီး ရှင်နေမင်းကိုရအောင်ရှောင်နေသည်။ ပြတ်သားလွန်းသူမှန်းအစတည်းက သိပေမဲ့ ရှင်နေမင်းအပေါ်မှာပါဒီလောက်အထိ ပြတ်သားပြနိုင်ခြင်းကို အံ့သြရသည်။ ဟုတ်မှာပေါ့ မကွေးကိုသွားတော့မှာဆိုတော့ သက်ငြိမ်အေးဘက်က သံယောဇဥ်အမျှင်တန်းစရာကိစ္စတွေ မရှိတော့ဘူးလေ။

သူကသာဒီမြို့မှာ အရူးတစ်ပိုင်းလိုကျန်ရစ်ခဲ့မှာ။ အသည်းကွဲသည့်ခံစားချက်သေလောက်အောင် ဆိုးရွားလွန်းသည်။

သူနဲ့ဝေးရလို့သက်ငြိမ်အေးက ဘယ်လိုမှမနေဘူးလား။ မဖြစ်နိုင်ပါ။ သက်ငြိမ်အေးက ဘယ်လောက်မျိုသိပ်နိုင်သလဲဆိုတာ သူအသိဆုံး။ ရင်ထဲမှာမိုးပြိုပြီး ကမ္ဘာပျက်နေရင်တောင် ဘာမှမဖြစ်သလိုမျိုး လုံးဝဟန်ဆောင်နိုင်တဲ့သူ။
အခုတော့ဖြင့် အဲလိုမျိုးရင့်ကျက်တည်ငြိမ်နိုင်တဲ့ စိတ်ထားကို မုန်းမိတော့တာပဲ။

သူ့ကိုမခွဲနိုင်ကြောင်းပြောပြီး သူ့ကိုပဲဆွဲထားစေလိုသည်။ အမှန်တိုင်းပြောလိုက်ပါတော့လား "ကလေးလေးမရှိရင် ကိုယ်တကယ်မဖြစ်လို့ပါ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ရိုးသားပါတော့လား။ ဘာအတွက်လဲ အဆုံးထိသူ့လက်ကိုဆွဲထားပြီး လောကကြီးကိုအရွဲ့တိုက်ပစ်စေလိုသည်။





ရှောင်ဖယ်ချင်ပေမဲ့လည်း ဇွဲကောင်းလွန်းသူကို မတွေ့အောင်ရှောင်ပစ်ဖို့မလွယ်။ ကားပါကင်မှာ ရပ်စောင့်နေသူကြောင့် သက်ငြိမ်အေးစိတ်မောသွားရသည်။ ပိန်ကျသွားသောခန္ဓာကိုယ်၊ သူ့ကားကိုမှီရင်းဆေးလိပ်သောက်နေသူက သက်ငြိမ်အေးမမြင်ဖူးသည့်ပုံစံဖြစ်သည်။ အငွေ့တွေကိုမှုတ်ထုတ်နေပုံက ဘယ်သူ့ကိုမှဂရုမစိုက်သည့်နှယ်။ သက်ငြိမ်အေးကိုကြည့်လာသော မျက်ဝန်းများတွင် အေးခဲထားသောနာကျင်မှုများကိုမြင်လိုက်ရသည်။

ချစ်ရေစက်Where stories live. Discover now