Chapter (20)

4.6K 349 18
                                    

မနက်စာစားပြီးသွားတော့ သူတို့ခြောက်ယောက်လုံး ဘုန်းကြီးကျောင်းဘက်ကိုခြေလျင်ဖြင့် တူတူသွားကြသည်။ ကျောင်းရောက်တော့ ရွာထဲမှလူများစွာ‌ရောက်နေပြီး စည်ကားနေသည်ကို တွေ့လိုက်ရသည်။ သိမ်ကျောင်းအလှူ တရားပွဲတွင် ရေစက်ချတရားနာယူရန် တစ်ရွာလုံးရောက်လာကြသည်ဟု ထင်ရသည်။ လုပ်အားပေးကုသိုလ်ပါဝင်ထားသည့် သူတွေကလည်းကိုယ့်အလုပ်နှင့်
ကိုယ် မအားလပ်ကြချေ။

ကျောင်းထိုင်ဆရာတော်ကို နှုတ်ဆက်စကားဆိုပြီး သူတို့ဘုရားရှိခိုးကြသည်။ ရှင်နေမင်းမိဘတွေကကျောင်းထိုင်ဆရာတော်နားမှာ ရှင်နေမင်းတို့မရောက်ခင်တည်းက လောကီရေးရာ လောကုတ္တရာရေးရာတို့ကို ဟိုဟိုသည်သည်ဆွေးနွေးနေကြတာဖြစ်သည်။

ရွာကျောင်းထိုင်ဆရာတော်နှင့်တကွ ကျောင်းတွင်သီတင်းသုံးကြသော သံဃာတော်များကို ရှင်နေမင်းတို့မိသားစုသုံးယောက်က တစ်ဖွဲ့၊ သက်ငြိမ်အေးတို့မောင်နှမကတစ်ဖွဲ့၊ မေလှိုင်းချိုနှင့် ရဲရင့်စွမ်း မြင့်မားတို့ကတစ်ဖွဲ့စီ အသီးသီးတစ်ဝိုင်းစီတာဝန်ယူကာ ဆွမ်းကပ်လှူကြသည်။

ခဏနေတော့ ရေစက်ချတရားနာပွဲကျင်းပကြသည်။ကျောင်းထိုင်ဆရာတော်က သင်္ကန်းမှာကထိန် ကျောင်းမှာသိမ်အစချီသော သိမ်ကျောင်းဆောက်လုပ်လှူဒါန်းရခြင်း၏ ကုသိုလ်နှင့်အကျိုးကျေးဇူးများအကြောင်း ဟောကြားသည်ကို သူတို့အားလုံးနာယူကြသည်။

ရေစက်ချတရားနာမည့်အချိန်တွင် ရှင်နေမင်းသည် ရေစက်ခွက်ကိုကိုင်ကာ ဘေးဘက်မှလူကိုကြည့်လိုက်သည်။ အာရုံပြုကာငြိမ်သက်နေသော သက်ငြိမ်အေးသည်အလုံးစုံသောစိတ်အေးချမ်းမှုတွေကို ဖော်ဆောင်နေပေရာ တော်တော်နှင့် အကြည့်မလွှဲနိုင်။ မသိစိတ်၏စေ့ဆော်မှုကြောင့်လားမသိ သက်ငြိမ်အေးသည် သူရှိရာဘက်သို့စောင်းငဲ့ကြည့်လာသည်။ ထို့ကြောင့် ရှင်နေမင်းလည်း လျင်မြန်စွာဖြင့် ခေါင်းကိုရှေ့တည့်တည့်သို့ ပြန်လှည့်လိုက်သည်။ ခိုးကြည့်နေတာလူမိသွားလို့ပဲလား သူ့ရင်တွေတဒိန်းဒိန်းခုန်နေသည်။

~ရေစက်ချလို့ပြီးပါပြီ တရားနာလို့ပြီးပါပြီ အလှူတော်ကြီးလည်းအောင်ပါပြီ~~  ဟူသောသီချင်းသံသည် ရေစက်ချအမျှဝေအပြီးမှာ သာယာစွာထွက်ပေါ်လာ၏။ ထို့နောက် ရှင်နေမင်းအဖေနှင့်အမေက
ငွေဖလားနှစ်လုံးထဲအပြည့်ထည့်ထားသော ပိုက်ဆံခေါက်များကိုလူအုပ်ကြီးထဲ ကြဲချလိုက်ရာ ဟေးဟားအော်သံများဖြင့်ခေတ္တဆူညံသွား၏။

ချစ်ရေစက်حيث تعيش القصص. اكتشف الآن