တိတ်ဆိတ်ငြိမ်သက်နေသောည လမ်းမပေါ်မှာယာဉ်တချို့တလေသာ ဖြတ်သန်းသွားလာတော့သည့်အချိန်။ မီးပွင့်အပြည့်နှင့်လင်းနေသည့်ခြံထဲမှာတော့ လေပြည်လေညင်းကအသာအယာတိုးလို့ တိုက်ခတ်နေ၏။ ခြံထဲကတစ်ပင်တည်းသော တရုတ်စံကားပန်းပင်ဘေးမှာရပ်ရင်း ရှင်နေမင်းသည် ဖုန်းပြောနေသည်။
အင်းဆက်တို့၏အော်သံသေးသေးလေးများကလွဲလျှင် ဆူဆူညံညံအသံဗလံတွေကင်းနေတာမို့ ဖုန်းတစ်ဘက်က သက်ငြိမ်အေး၏အသံသည်သာ ရှင်နေမင်းကိုကြီးစိုးထား၏။ ခပ်လေးလေးသြရှရှ ပြီးတော့တိုးဖွဖွအသံလေးကို အိပ်ရာထဲလှဲနေရင်း ခေါင်းအုံးကိုဖက်လို့အသည်းတယားယား နားထောင်သင့်ပါ၏။ သို့သော်ညား ဒီပန်းရနံ့ကိုရပြီး သက်ငြိမ်အေးသူ့ဘေးမှာရှိနေသလို ခံစားရချင်သောကြောင့် ခြံထဲဆင်းကာစကားပြောနေခြင်း ဖြစ်သည်။
ပြောသမျှအကြောင်းအရာတွေကတော့ ထွေထွေထူးထူးမဟုတ်ခဲ့ပါ။ နေ့စဉ်ဖြစ်သမျှ အကြောင်းရင်းအနည်းငယ်သာဖြစ်သည်။
"ကိုယ်ဒီနေ့ သွေးလှူလိုက်သေးတယ်...ခြောက်လတစ်ကြိမ်သွေးလှူတာလေ"
"ဒါဆိုအစ်ကို့ခန္ဓာကိုယ်ဘယ်လိုနေလဲ အားရှိတဲ့အစားအစာတွေရော စားရဲ့လား...ကျွန်တော့်ကိုနေ့လယ်ကပြောတာမဟုတ်ဘူး ကျွန်တော်မုန့်လာပို့လို့ရအောင်"
"ရပါတယ်ကွာ ကိုယ်သေချာစားပါတယ်... အဲကပေးတဲ့ကြက်ဥပြုတ်တွေလည်း စားလိုက်တယ်"
သက်ငြိမ်အေးက ဝိတ်တွေကျသွားတာတောင် သွေးလှူလို့ရသေးတာလား။
"အစ်ကို ဝိတ်တွေကျသွားတာရော ကိုယ့်ကိုယ်ကိုယ်သိရဲ့လား"
"အင်း သိပါတယ်"
သက်ငြိမ်အေး ရယ်သံခပ်တိုးတိုးလေး။ ဘာကိုသဘောကျပြီးထရယ်သလဲမသိ။ ဒီလိုသာခဏခဏရယ်နေမယ်ဆို သက်ငြိမ်အေးအိမ်ကပန်းတွေအကုန် ပင်လုံးကျွတ်ပွင့်ကုန်တော့မှာပဲ။
"အစ်ကို ကျွန်တော့်မွေးနေ့လာမယ်မလား"
သဘက်ခါဆိုရင်ရောက်တော့မည့် သူ့မွေးနေ့အတွက် သေချာအောင်အတည်ပြုချက်ယူလိုက်သည်။ အသက်၂၇နှစ်သည် သူ့ဘဝ၏အထူးခြားဆုံး အခိုက်အတန့်ဖြစ်ခဲ့ပြီ။ ဘဝအဆုံးသတ်ချိန်ထိ ဘေးနားမှာအဖော်ပြုစေချင်သည့်လူကို ဆုံတွေ့ရသည်။ သူ့နှလုံးသားမှာ ဦးဆုံးအကြိမ်တသက်မှာတစ်ခါတည်းသာ အလှပဆုံးပွင့်လန်းနေသော ပန်းတစ်ပွင့်ကို ထိုလူ့ထံပေးအပ်ဖို့ အဆင်သင့်ဖြစ်နေပြီ။
VOUS LISEZ
ချစ်ရေစက်
Roman d'amourမြင်မြင်ချင်းအချစ်ဆိုတာ ရှေးရေစက်တို့အားကောင်းလွန်းလှ၍ စက္ကန့်ပိုင်းလေးအတွင်းမှာ ဖြစ်တည်လာသောအရာ... စိတ်နှလုံးတစ်ခုလုံးကို တစ်ခဏလေးအတွင်းပိုင်စိုးသွားနိုင်ပါသော နူးညံ့သိမ်မွေ့သည့် ရေစက်တစ်ခု..ဖြစ်သည်မို့