Extra Chapter (Zawgyi)

784 18 0
                                    

ဒီအပိုင်းက ရှင်နေမင်းနဲ့သက်ငြိမ်အေးတို့ ချစ်သူရည်းစားဖြစ်သွားပြီးတဲ့နောက်ပိုင်းကို ရေးထားတာဖြစ်ပါတယ်။
ညီမလေးက လိုချင်တယ်ဆိုလို့ ရေးပေးတာပါ။ ကိုယ်လည်း အကြာကြီးနေမှ ချစ်ရေစက်လေးကို ပြန်ခံစားမိခြင်းပါပဲ။







မိုးသည် ရွာတော့မလိုလို ညှို့မှိုင်းပြပြီးမှ နေအလင်းရောင်က ပြန်လည်ထွန်းလင်းလာသည်။ ဟိုတယ်ပြတင်းပေါက်ကနေ အပြင်ကရာသီဥတုကို အတိုင်းသားမြင်နေရသည်။

ရှင်နေမင်းတစ်ယောက် ရန်ကုန်ကိုရောက်နေခြင်းပင်။ ဆိုင်ခွဲအသစ်ဖွင့်ရန်အတွက် ပြင်ဆင်နေရတာမို့ သူဒီကိုရောက်နေတာ တစ်ပတ်ကျော်ကြာပြီ။ အလုပ်ထဲကို အာရုံစိုက်နေမိတာ ထမင်းမေ့ဟင်းမေ့။ သို့ပေမဲ့ သူသည် သက်ငြိမ်အေးကိုတော့ဖြင့် မမေ့ပါချေ။


ရှင်နေမင်းသည် ဘယ်လောက်ပဲအလုပ်များများ မိဘတွေကိုတော့အဆက်အသွယ်လုပ်နိုင်ပါသေးသည်။ အစောပိုင်းကမှ အမေနှင့်ဖုန်းပြောဖြစ်သည်။ သက်ငြိမ်အေးသည် ဆေးရုံကအပြန်တိုင်းမှာ အမေတို့အိမ်ကို ဝင်ကာညနေစာစားပြီးမှ ပြန်သည်တဲ့လေ။ သူ မရှိလည်း နွေးထွေးအဆင်ပြေနေကြသော
မိသားစုများကို သူနည်းနည်းတော့ မနာလိုဖြစ်မိသည်။


ရှင်နေမင်းနည်းတူ အလုပ်များသော သက်ငြိမ်အေးသည် သူ့ကို ညအချိန်မှသာဖုန်းခေါ်နိုင်သည်။ အသစ်ဖွင့်သော
ဆိုင်ခွဲတွင် တရုတ်စံကားပန်းပင်များစိုက်ဖို့ စီစဉ်ထားကြောင်း သက်ငြိမ်အေးကိုပြောပြဖြစ်သည်။ ထိုစဉ်က တုံ့ပြန်လာသည့် ပျော်ရွှင်မှုအလုံးစုံထည့်သွင်းထားပါသော သက်ငြိမ်အေး၏ရယ်သံကို သူအခုထိကြားယောင်နေဆဲ။ သက်ငြိမ်အေး အမြဲတမ်းပျော်ရွှင်နေဖို့သည် ရှင်နေမင်း၏တစ်ဘဝလုံးစာ ဆန္ဒဖြစ်သည်။ နည်းနည်းပဲဖြစ်ဖြစ် များများပဲဖြစ်ဖြစ် သက်ငြိမ်အေးပျော်ရွှင်နေဖို့သာ အရေးကြီးသည်။

သူ့ကြောင့် သက်ငြိမ်အေးပျော်ရွှင်နေရမည်။ တခြားသူကြောင့် သက်ငြိမ်အေးမပျော်မရွှင်ဖြစ်နေလျှင်လည်း သူကပျော်ရွှင်အောင်ဖန်တီးပေးမည်။ စိတ်လိုလက်ရတွေးမိသော အတွေးတစ်ခုနောက်မှာ ရှင်နေမင်းသည် သက်ငြိမ်အေးကိုပိုတိုးလို့ လွမ်းမိသွားသည်။



ချစ်ရေစက်Where stories live. Discover now