Chapter (7) Zawgyi

1.3K 28 0
                                    

မနက်ခင်းတွင် သက်ငြိမ်အေးသည် ခြံထဲကရွက်ကြွေတွေကို လှည်းကျင်းခြင်း ရေဖျန်းခြင်းတို့ကို ဆောင်ရွက်သည်။ ဘုရားစင်ကိုသောက်တော်ရေကပ် ဘုရားရှိခိုးပြီးအောက်ထပ်ဆင်းလာချိန် ညီမလေးက ဈေးသွားမည်ဟုဆိုလာသည်။ ထို့ကြောင့် သက်ငြိမ်အေးသည် ဆိုင်ကယ်ထုတ်ကာ လိုက်ပို့လိုက်သည်။ မောင်နှမနှစ်ယောက်တည်းရှိတာမို့ဈေးက သုံး၊လေးရက်နေမှ တစ်ခါသွားတာဖြစ်သည်။ မနက်ခင်းဂျူတီချိန်ရှိသည့်နေ့ကလွဲလျှင် ညီမလေးဈေးသွားသောအခါသူပဲလိုက်ပို့ဖြစ်တာများသည်။

ဈေးထဲဝင်သွားသည့် ညီမလေးကိုဈေးပေါက်ဝမှာ ထိုင်စောင့်နေတုန်း သူ့ကိုလာနှုတ်ဆက်သောအသံကိုကြားလိုက်ရသည်။

"ဟယ် ဒေါက်တာ ဈေးလာဝယ်တာလား"

ဘေးနားမှာလာရပ်ကာ သူ့ကိုနှုတ်ဆက်လာသည့်သူ့ကိုမော့ကြည့်လိုက်တော့ ဒေါ်ခင်နွယ်ရှင်ဖြစ်နေသည်။

"အော် အဒေါ်ပါလား"

သက်ငြိမ်အေး ဆိုင်ကယ်ပေါ်မှာထိုင်နေရာက ထနှုတ်ဆက်လိုက်သည်။

"ဒေါက်တာဈေးလာဝယ်တာလား...ဒေါက်တာ့အမေကိုဈေးလိုက်ပို့တာလား"

ဒေါ်ခင်နွယ်ရှင်အသံက တက်ကြွလန်းဆန်းနေသည်။ သက်ငြိမ်အေးလည်း ပြန်ဖြေလိုက်၏။

"ကျွန်တော့်ညီမကို ဈေးလိုက်ပို့တာပါ"

"အော်...အဒေါ့်ကိုတော့ သားကလိုက်ပို့တာ ဟော ဟိုမှာလာနေပြီ"

ဒေါ်ခင်နွယ်ရှင်လက်ညှိုးညွှန်ပြရာကို ကြည့်လိုက်သည်။ သည်ဘက်ကိုလမ်းကူးလာသူကို လှမ်းကြည့်တော့ ရှင်နေမင်းဆိုသည့် ကောင်လေး။ စပို့ရှပ်၊ ဒူးအထိတိုသောဘောင်းဘီနှင့်ထိုကောင်လေးက ဆိုင်မှာတွေ့ခဲ့တုန်းကနှင့်တော့ နည်းနည်းကွာခြားနေသည်။

"ဒီမှာလေ ကျွန်မသား ရှင်နေမင်းတဲ့"

"ဒေါက်တာ"

ရှင်နေမင်းက ပြုံးပြကာ နှုတ်ဆက်လာသည်။ သက်ငြိမ်အေးလည်း ပြန်ပြုံးပြလိုက်သည်။

ရှင်နေမင်းမှာ ရင်ခုန်သံတွေ ပရမ်းပတာဖြစ်လို့နေသည်။ ချွေးပြန်လာသော လက်ဖဝါးနှစ်ဖက်က အေးစက်လို့နေ၏။ သက်ငြိမ်အေးကိုအခုလို ရှေ့တည့်တည့်ကြီးမှာ ရှုမြင်လိုက်ရတော့ ထိန်းထားသည့် ခံစားချက်တွေက ရုန်းကြွလာပြန်သည်။ မမြင်မိအောင်တမင်ရှောင်နေမိသည့် မျက်နှာလေးကို တွေ့မဲ့တွေ့လိုက်ရပြန်တော့ သည်လိုအနီးကပ်ကြီး။ ပြီးတော့ သက်ငြိမ်အေးက သူ့ကိုပြုံးပြနေသေးသည်။ သူသည်ပင့်သက်တစ်ချက်ရှိုက်ကာ တည်ငြိမ်အောင်ကြိုးစားလိုက်ရသည်။

ချစ်ရေစက်Where stories live. Discover now