Chapter (14)

3.8K 319 1
                                    

ရှင်နေမင်းသည် ဆေးရုံကြီး၏ခွဲစိတ်ဆောင်အမှတ်(၂)ဆီ လူနာသတင်းမေးရန်ရောက်လာခဲ့သည်။ သူ့အဖေပွဲရုံမှာ စာရင်းကိုင်အနေဖြင့် အလုပ်လုပ်သည့်ကိုစန်းဦး အူအတက်ပေါက်သဖြင့် ဆေးရုံတင်ထားရခြင်းဖြစ်သည်။ သူ့မိဘတွေက အမေ့ဇာတိရွာကို သွားလည်နေတုန်းမို့ ရှင်နေမင်းက သတင်းလာမေးပေးခြင်းသာ။

တာဝန်ကျသူနာပြု၊ ဝန်ထမ်း၊ ဆရာဝန်တွေနှင့် လူနာတွေရှုပ်ယှက်ခတ်နေသော လူနာဆောင်အတွင်းထဲကို ရောက်လာသည်။ လက်ဆောင်ပစ္စည်းများပေးပြီး ကိုစန်းဦးနှင့်အမျိုးသမီးကို ခဏလောက်စကားပြောပြီးလျှင် သူပြန်ဖို့ဆုံးဖြတ်ထားသည်။

စကားပြောနေရင်းမှ ကော်ရစ်ဒါမှာဖြတ်သွားသည့် သက်ငြိမ်အေးကိုမြင်လိုက်ရသည်။ အလုပ်ရှုပ်နေပုံရသည့် သက်ငြိမ်အေးကိုသူနှောင့်ယှက်ဖို့ စိတ်ကူးမရှိပါ။

ရင်ထဲခပ်ဆွေးဆွေး ဝေဒနာတစ်ခုဖြစ်ပေါ်လာခဲ့သည်။ သူတို့မတွေ့ရတာ တစ်လနီးပါးရှိတော့မည်။ သက်ငြိမ်အေးက သူ့ကိုသိသိသာသာရှောင်နေတာကို သူသိသည်။ သက်ငြိမ်အေးက အခုချိန်မှာဘယ်လိုစိတ်နှင့် နေ့ရက်တွေကိုဖြတ်ကျော်နေမလဲလို့ တွေးရင်းသူရင်မောရပြန်သည်။

ကိုစန်းဦးနှင့်စကားပြောရင်း ရှင်နေမင်းမှာ လူနာဆောင်ရှေ့ကော်ရစ်ဒါမှာ ဖြတ်သွားသည့်သက်ငြိမ်အေးကို အခေါက်တိုင်းလိုက်ကြည့်နေမိသည်။ သက်ငြိမ်အေးမျက်နှာက အားရစရာမရှိချေ။ မျက်နှာကသေးသေးလေးပဲ ကျန်တော့သည်။

အရင်က သက်ငြိမ်အေးကိုသူ့ရည်းစားနှင့်ပြတ်ပါစေ ဟုဆုတောင်းမိတာအတွက် နောင်တရလာသည်။

အစ်ကိုအခုလိုနာကျင်နေရမှန်းသိရင် သူဒီလိုဆုတောင်းခဲ့မှာမဟုတ်ဘူး။ နှလုံးသားတစ်ခုလုံး ရစရာမရှိအောင်ကြေမွသွားရတဲ့ နာကျင်မှုကိုသူသိရက်နဲ့ အစ်ကို့ကိုချစ်သောသူနဲ့ကွေကွင်းပါစေရယ်လို့ မျှော်လင့်ခဲ့မိတယ်။

ဆောင်းတသက်က သူ့အချစ်ဆုံးသူငယ်ချင်းမေလှိုင်းချိုကို‌ ကိစ္စတွေအကုန်ရင်ဖွင့်သည်။ သူ့အစ်ကိုသက်ငြိမ်အေးအတွက် မကျေမနပ်ဖြစ်ရသည့်အကြောင်းကို မေလှိုင်းချိုကိုပြောပြရာကနေ မေလှိုင်းချိုက ရှင်နေမင်းကိုပြန်ပြောပြခြင်းပင်။ သူတို့မဟုတ်လည်း လိုင်းပေါ်ကရိပ်မိသည့်သူတချို့ ရိပ်မိကြသည်။ ကောင်းသက်တံလင်းက နောက်ရည်းစားအသစ်ကိုဖုံးကွယ်မထားလို့ပင်။ အခုအချိန် သက်ငြိမ်အေးရင်ထဲ ဘယ်လိုခံစားနေရမလဲ စဥ်းစားရုံနှင့်တင် ရှင်နေမင်းမှာထပ်တူမွန်းကြပ်ကာ ရူးချင်လာသည်။ ထိုလူသားက ဘယ်သူ့ကိုမှမပြောဘဲ တစ်ယောက်တည်းကျိတ်ခံစားနေတာမို့ ပိုဆိုးသည်။

ချစ်ရေစက်Where stories live. Discover now