Chapter (34)

4.3K 331 2
                                    

အိမ်တံခါးကိုသော့ပိတ်နေရတာတောင် သက်ငြိမ်အေးစိတ်မရှည်ချင်။ အိမ်ကိုသော့တန်းလန်းဖြင့် ထိုအတိုင်းထားခဲ့လိုက်သည်။ အခုချိန်မှာအရေးကြီးတာ အိမ်တံခါးသော့ပိတ်ဖို့လည်းမဟုတ်ဘူး။ ရပ်ထားသောဆိုင်ကယ်ကို စက်နှိုးလိုက်သည်။ သက်ငြိမ်အေးကားက ပျက်နေတာမို့ ဒီရက်ပိုင်းဆိုင်ကယ်ဖြင့်သာ အသွားအလာလုပ်နေရသည်။

စိတ်မောလူမောဖြစ်နေကာ ရှင်နေမင်းရှိရာနေရာကို အမြန်ဆုံးရောက်ချင်စိတ်သာကြီးစိုးနေသည်။ မတော်လို့သာတစ်ခုခုဖြစ်ခဲ့လျှင် သူရင်ကွဲနာကျရလိမ့်မည်။ သူ့အမှားသာဖြစ်သည်။ ရှင်နေမင်းဒီလောက်ထိဖြစ်သွားအောင် သူမရက်စက်ခဲ့သင့်ဘူး။သူကတော့စိတ်မာပြတ်သားနိုင်ပြီလို့ထင်ခဲ့တာ။ သူကသာ နာကျင်မှုအလုံးစုံမျိုသိပ်လို့ နေနိုင်နေပြီထင်ခဲ့တာ။ ရှင်နေမင်းက အရှုံးပေးလို့သူ့ကိုစွန့်ခွာသွားမယ်ဆိုလျှင်တောင် ယခုလိုပုံစံမျိုးကို မျှော်လင့်ခဲ့တာမဟုတ်ပေ။

ဆောင်းည၏လေကြမ်းကြမ်းက မျက်နှာကိုပြင်းထန်စွာရိုက်ခတ်နေသည်။ ဆိုင်ကယ်ကိုအရှိန်မြှင့်ရင်း ရှင်နေမင်းရှိရာအရပ်သို့ မိုင်ကုန်ဦးတည်မိသည်။ ထိုကလေးလေးကိုတွေ့လျှင် သူ့ဘက်ကအရင်ဦးဆုံးတောင်းပန်မည်။ သူဘယ်တော့မှအခုလိုထပ်မလုပ်တော့မှာဖြစ်ကြောင်း သူ့အမှားသာဖြစ်ကြောင်း အကြိမ်ကြိမ်တောင်းပန်မည်။ ရှင်နေမင်းသာတစ်ခုခုဖြစ်လျှင် သက်ငြိမ်အေးပါအတူသေပစ်မိလိမ့်မည်။

မဟုတ်ပါဘူး သူ့ကလေးလေးက အခုလိုမစဥ်းစားမဆင်ခြင်ဘဲ လျှောက်လုပ်တတ်သူမှမဟုတ်တာ။ ဒါပေမဲ့လည်း အလွန်အကျွံမူးနေပုံရသော အခြေအနေတွင် မတော်တဆအမျိုးမျိုး ဖြစ်သွားနိုင်၏။

သက်ငြိမ်အေးသည် ညအချိန်လမ်းရှင်းနေတာကို အခွင့်ကောင်းယူ၍ အရှိန်ဖြင့်ဇွတ်မောင်းသည်။ ညဘက်ပျော်ပါးပြီးပြန်လာသော လူငယ်တစ်သိုက်၏ဆိုင်ကယ်တစ်စီးနှင့် အကွေ့တွင်တည့်တည့်ကြီးကိုတိုက်မိတော့သည်။

တစ်ဖက်က signalမပြဘဲဇွတ်ကွေ့တာဖြစ်ပြီး သက်ငြိမ်အေးကအရှိန်မထိန်းနိုင်သူ။ နှစ်ဖက်လုံးထိသွားတာဖြစ်သည်။ သက်ငြိမ်အေးလည်း လမ်းမပေါ်လဲသွားပြီးနောက်မှာ တော်တော်နှင့်ပြန်မထနိုင်။ တစ်စစနာကျင်ကိုက်ခဲလာသော ခြေထောက်သည် ကျိုးသွားသလားတောင်မပြောတတ်ပေ။ သက်ငြိမ်အေးရော တစ်ဖက်မှကောင်လေးရောလဲသွားတာမို့ နှစ်ယောက်လုံးကို အပြင်ဆေးခန်းသို့ခေါ်သွားပေးကြသည်။ နာကျင်မှုဝေဒနာကြားမှာ သူသတိရမိတာသည် ရှင်နေမင်းပဲဖြစ်သည်။ သက်ငြိမ်အေး ဘယ်လိုမှရှင်နေမင်းဆီရောက်အောင်မသွားနိုင်တော့ပေ။ ဝမ်းနည်းနာကျင်နေသည့်ကြားမှ ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ နောက်ဆုံးညီမလေးဆီကိုသာ ဖုန်းဆက်နိုင်တော့သည်။

ချစ်ရေစက်Donde viven las historias. Descúbrelo ahora