Chapter (28)

4.5K 331 21
                                    

သက်ငြိမ်အေးမွေးနေ့အမှတ်တရအဖြစ် မဟာမြတ်မုနိရုပ်ရှင်တော်ဘုရားကို ရှင်နေမင်းနှင့်အတူ သွားဖူးဖြစ်ကြသည်။ ရွှေသင်္ကန်းကပ်လှူပြီး အမျှဝေကာ ခေါင်းလောင်းသုံးကြိမ်ထိုးခဲ့သေးသည်။ ဒီလောက်ဆို ရှင်နေမင်းနှင့်နောင်ဘဝတွေမှာပါ ရေစက်ဆုံအကြောင်းဖန်ဖို့ ကျိန်းသေနေပြီ။ သူတို့အတူပြုထားသည့်ကောင်းမှု ကုသိုလ်တွေကိုရေတွက်ကြည့်ရင်း အနာဂတ်အတွက်ပါမျှော်လင့်ရသောအချိန်များသည် အဖိုးတန်လွန်း၏။

ရှင်နေမင်း၏ ပိုက်ဆံအိတ်ထဲမှာ သူတို့နှစ်ယောက်အတူရိုက်ထားသည့် Polaroid ဓာတ်ပုံကိုထည့်ထားကြောင်းကိုလည်း သက်ငြိမ်အေးသည် အမှတ်မထင်သိလိုက်ရသည်။ သူဝယ်ပေးသောကင်မရာနှင့် ပထမဆုံးရိုက်ထားသည့်ပုံ။ တကယ်ကိုပဲ သူတို့နှစ်ယောက်ကြားက အရာရာတိုင်းကကြည်နူးစရာ အမှတ်တရတွေဖြစ်နေခဲ့တာ။

သက်ငြိမ်အေးက နေ့လယ်နောက်ပိုင်းဂျူတီရှိသေးသည်။ ဘုရားဖူး၊ နေ့လယ်စာစားပြီးတာနှင့် ရှင်နေမင်းကဆေးရုံကြီးကိုကိုယ်တိုင်လိုက်ပို့ပေးသည်။ ညီမလေးက နောက်နေ့မှ ရဲရင့်စွမ်းနှင့်အတူမွေးနေ့လက်ဆောင်ပေးရင်း လာကန်တော့မယ်လို့ ဆိုသည်။

/ရှင်နေမင်းနဲ့ပဲမွေးနေ့ကိုအတူကုန်ဆုံးလိုက်ပါ...ကိုကို့အချိန်တွေလုမယူချင်ဘူး/ဟုလည်း စသေးသည်။
facebookပေါ်မှာသူ့အတွက်မွေးနေ့ဆုတောင်းပေးသူများလည်း ရှိသည်။ ဆေးရုံရောက်တော့ လုပ်ဖော်ကိုင်ဖက်များကရော ဂျူနီယာများကပါ လက်ဆောင်များဝိုင်းပေးကြသေးသည်။

နှစ်တိုင်းသက်ငြိမ်အေးက မွေးနေ့အမှတ်တရအနေဖြင့် ဆိုင်တစ်ခုမှာအကုန်လုံးကိုမုန့်ကျွေးနေကျဖြစ်သည်။
ဒီနှစ်တော့ ရှင်နေမင်းကသူ့ဆိုင်မှာပဲကျွေးပါလို့ သက်ငြိမ်အေးကိုဆိုလာသည်။ ဒုတိယအထပ်မှာစားပွဲကိုကြိုbookingလုပ်ထားပေးမယ်လို့ ပြောလာသည့်အခါ သက်ငြိမ်အေးသည် မငြင်းမိတော့ပေ။ ဆိုင်နာမည်ပြောလိုက်တာနှင့် လုပ်ဖော်ကိုင်ဖက်ဆရာဝန်များက ရှင်နေမင်းဆိုင်မှန်းတန်းသိကြသည်။ ကောင်လေးရကံကောင်းတယ်လို့ ဝိုင်းပြောကြတိုင်း အဲလောက်ထိမဟုတ်ပါဘူးလို့ လောကွတ်အရငြင်းပေမဲ့ တကယ်တမ်းရင်ထဲမှာတော့မဖုံးကွယ်နိုင်အောင် သက်ငြိမ်အေးသည်ပျော်မိသည်။ 

ချစ်ရေစက်Where stories live. Discover now