Chapter (37)

4.2K 257 3
                                    

နှစ်အစပိုင်းမှာ ရှင်နေမင်းနှင့်သက်ငြိမ်အေးတို့ ပေါ့ပေါ့ပါးပါးခရီးတစ်ခုထွက်ဖို့ ပြင်ဆင်ဖြစ်ကြသည်။ နှစ်သစ်အစမှာ
ရှင်နေမင်းက ပုဂံကို "သုံးရက်လောက်သွားလည်ရအောင်လေ" ဟုပြောလာသောအခါ သက်ငြိမ်အေးက လိုလိုချင်ချင်လက်ခံပါ၏။

အမှန်တော့ သက်ငြိမ်အေးမှာ ရှင်နေမင်းကိုအရာရာမှာ အလိုလိုက်ဖို့ဆုံးဖြတ်ထားတာ။  တစ်ခါလေးမိုက်ရူးရဲစွာ လမ်းခွဲပြီးနောက်မှာ သူအလွန်တရာကြောက်ရွံ့တုန်လှုပ်သွားခဲ့သည်။

ဒီကမ္ဘာပေါ်မှာ....သူ့ဘဝမှာ သူ့ဘေးမှာ ရှင်နေမင်းမရှိဘဲ သူမနေနိုင်ဘူး။

ကင်မရာတွေ ဒရုန်းတွေကို အိတ်ထဲသေချာစီထည့်နေသည့် ရှင်နေမင်းကို ခပ်လှမ်းလှမ်းကနေကြည့်ပြီး သက်ငြိမ်အေးပြုံးလိုက်မိသည်။ သူ့ကောင်လေးက တအားပျော်နေတာ။

ရှင်နေမင်းက ခရီးသွားရတာကိုအလွန်နှစ်ခြိုက်သူ။ သူနှင့်မကြိုက်ခင်ကထိ နေရာအစုံနှံ့အောင် ခြေဆန့်လျှောက်သွားခဲ့သောကောင်လေးက အခုတော့ဘယ်မှမသွား။ သူ့အနားမှာပဲ ပိတ်မိနေသည်။

အခုတော့ နှစ်ယောက်အတူခရီးသွားရတော့မယ်ဆိုပြီး ပျော်နေလေရဲ့။

သက်ငြိမ်အေးက အလုပ်တွေကြောင့်
အချိန်မပေးနိုင်ပေမဲ့ တကယ်ဆို သက်ငြိမ်အေးမပါလည်း ခရီးသွားလျှောက်လည်လို့ရသည်။ ဒါပေမဲ့ထိုကောင်လေးက မလုပ်ခဲ့ဘူး။ သက်ငြိမ်အေးမပါဘဲ ဘယ်နေရာကိုမှ မသွားချင်ဘူးရယ်လို့ ပြတ်သားစွာဆိုလာခဲ့သည်။

သက်ငြိမ်အေးက ထိုအရာကြောင့်ပိုအားနာမိတာ။ သူသာအချိန်ပေးနိုင်လျှင် ပိုကောင်းသွားမှာကို။ ရှင်နေမင်း၏ဆန္ဒတွေကို မဖြည့်ဆည်းပေးနိုင်တာကြောင့်
သက်ငြိမ်အေးတကယ်ပဲဝမ်းနည်းမိသည်။ အခုလိုတစ်ခါလေးပဲ ဖြည့်ဆည်းပေးရသေးတာတောင်လေ ရှင်နေမင်းက အလွန်တက်ကြွစွာပျော်နေတာ။

သူ့အတွက် အထုပ်အပိုးကိုတောင် သူအလုပ်သွားတုန်း ရှင်နေမင်းကပြင်ပေးထားတာဖြစ်သည်။

"ကိုယ့်ကလေးလေးက အရမ်းပျော်နေတာပဲ"

အလုပ်များနေသော ရှင်နေမင်းအနားဝင်ထိုင်ရင်း ခေါင်းလေးကိုပွတ်ကာသူဆိုလိုက်သည်။ ရှင်နေမင်း၏ တောက်ပနေသောအပြုံးနုနုသည် သက်ငြိမ်အေးကိုပါ အလိုအလျောက်ပြုံးမိစေသည်။

ချစ်ရေစက်Where stories live. Discover now