Chapter (9)

4.1K 354 3
                                    

လွန်ခဲ့သည့်နှစ်ရက်က ရှင်နေမင်းအမေအိမ်ကို မေလှိုင်းချိုရောက်လာသည်။ မေလှိုင်းချိုကအမေ၏တူမဖြစ်ပြီး ရှင်နေမင်းထက် လပိုင်းမျှသာကြီးသော တစ်ဝမ်းကွဲအစ်မဖြစ်သည်။ မန္တလေးမှာအလုပ်လုပ်ဖို့ပြောင်းလာတာဖြစ်ပြီး မေလှိုင်းချိုတို့အိမ်ကအခုလက်ရှိပြန်ဆောက်နေတာမို့ အမေကခဏခေါ်ထားပေးခြင်းဖြစ်သည်။  အမေ့အိမ်မှာ သုံးလလောက်ပဲနေမည်။

မေလှိုင်းချိုက အိမ်ရောက်ရောက်ချင်းနေ့မှာပဲ ဒေါက်တာသက်ငြိမ်အေးကိုမြင်သွားသည်။ ရှင်နေမင်းကိုလည်း သက်ငြိမ်အေးနှင့် ဘယ်လိုဘယ်ပုံရင်းနှီးသွားသည့်အကြောင်းတွေကို ဆက်တိုက်မေးသည်။ သက်ငြိမ်အေးကို အရင်တုန်းတည်းကသိပြီး facebook accကိုလည်းfollowထားကြောင်း၊ သက်ငြိမ်အေးနှင့်သူ့ကောင်လေးကောင်းသက်တံလင်းက အရမ်းချစ်ကြသည့်အတွဲတွေ လူတကာသဘောကျသည့်အတွဲဖြစ်ကြောင်းတွေကို ရှင်နေမင်းမမေးလည်း ပြောပြသေးသည်။ ပြီးတော့ မေလှိုင်းချိုက ဆောင်းတသက်နှင့်လည်း
သူငယ်ချင်းဖြစ်နေသေးသည်။ GTCတူတူတက်ခဲ့ပြီး ဘွဲ့ရပြီးသည့်နောက်မှာလူချင်းဝေးနေပေမဲ့ လိုင်းပေါ်မှာအဆက်အသွယ်မပျက်ဘူးကြောင်းတွေ ပြောပြသည်။

ရှင်နေမင်းက ရေစက်တွေကို တစ်ခုပြီးတစ်ခုအံ့သြနေရတာပါပဲ။ သက်ငြိမ်အေးက သူ့ဘဝထဲဝင်လာဖို့ကို ကံဇာတ်ဆရာက စီမံထားပြီးသား ဖြစ်နေခဲ့တာ။
တစ်နည်းမဟုတ် တစ်နည်းဖြင့်ပတ်သက်တွေ့ဆုံရဦးမှာဆိုပေမဲ့ သူကတော့ သက်ငြိမ်အေးကို သူ့လက်တွဲဖော်အနေနှင့်ပဲ ပတ်သက်ချင်မိသည်။

ရှင်နေမင်းက နေ့တိုင်းလိုလိုနေ့လယ်ပိုင်းအချိန်တွေမှာ အိမ်မပြန်နိုင်။ သူကတော့အတတ်နိုင်ဆုံးကြိုးစားတာပါပဲ။ အခုအစပိုင်းမှာတော့ သူကသက်ငြိမ်အေးမျက်နှာမြင်ရဖို့ဆို ဒီနည်းလမ်းအပြင်မရှိဘူးလေ။ သူ့အမေအနာပြန်ကောင်းသွားသည့်အချိန်ကျ တစ်နည်းတစ်ဖုံကြံရတော့မှာပေါ့။

ဒီနေ့မနက်ခင်းမှာတော့ အစောကြီးပဲ အမေ့အိမ်ကိုသူရောက်လာခဲ့သည်။ အမေကတော့ သူဒီလိုပဲလာနေကျမို့ ထူးဆန်းမနေတော့။ သူတို့အိမ်ကနေ အနောက်ဘက်ကိုတည့်တည့်သွားလျှင် တစ်ပြမရှိတရှိလောက်မှာ ဆိုင်တစ်ဆိုင်ရှိသည်။ ကိုယ့်အိမ်မှာပဲ တစ်နိုင်တစ်ပိုင်ဖွင့်ထားသည့် မြီးရှည်ဆိုင်ဖြစ်ပြီး လက်ဖက်ရည်ပါအတူတူတွဲရောင်းသောဆိုင်လေးက အရမ်းမကြီးပေမဲ့ အရသာကောင်းလို့ ဒီအနီးနားတစ်ဝိုက်မှာတော့ နာမည်ကြီးသည်။

ချစ်ရေစက်Where stories live. Discover now