Chapter (6) Zawgyi

1.4K 27 0
                                    

သစ်ပင်များ ပန်းအိုးများကိုလှပစွာနေရာချထားပြီး မီးရောင်စုံများနှင့်အလှဆင်ထားသည့် နေရာ။ ဘားဆိုင်၏အပေါ်ဆုံးခေါင်မိုးထပ် ‌လဟာပြင်ကနေငုံ့ကြည့်လျှင် အောက်ဘက်မှာသွားလာနေသည့် ယာဉ်များကိုတွေ့နိုင်သည်။  ဆိုင်အနောက်ဘက်မှာတော့ တသွင်သွင်စီးဆင်းနေ‌သော ဧရာဝတီမြစ်ပြင်ကျယ်။
ရေကျချိန်ဆို သောင်များပေါ်နေတတ်တာကိုလည်း မြင်ရသည်။

ရှင်နေမင်း၊ မြင့်မားနှင့် ရဲရင့်စွမ်းတို့သုံးယောက်ပေါင်းဖွင့်ထားသည့် ဘားကညဘက်မို့ လူများစွာပြည့်နေပြီး အောက်ဘက်ဆီကအသံတို့ကလည်း အပေါ်ကိုပျံ့လွင့်‌လာသည်။ City Parkအနောက်
ကမ်းနားလမ်းပေါ်က သည်ဘားက အေးအေးဆေးဆေးသောက်လို့အကောင်းဆုံး နေရာ။ ဆိုင်အောက်ဘက်တွင် စစ်ကိုင်းတောင်နှင့်ဧရာဝတီမြစ်အလှကို ရှုစားနိုင်‌အောင် မြစ်ကမ်းပါးကိုမေးတင်ဆောက်ထားသည့် ဆိုင်တန်းလျားလည်းရှိသေးသည်။

ရှင်နေမင်းမှာ အေးအေးလူလူဖြစ်အောင် rooftop barတွင် လာသောက်နေပေမဲ့ သူ့စိတ်တွေကတော့အေးချမ်းမနေပါ။ သူအသည်းကွဲနေသည်။  ချစ်သူနှင့်
လမ်းခွဲလိုက်ရလို့ ကွဲရသည့်အဖြစ်ထက်တောင် သူ့အဖြစ်ကဆိုးသည်။

အရက်ကိုအဖော်ပြုဖို့ကလွဲ သက်သာနိုင်မည့် နည်းလမ်းကိုမစဉ်းစားနိုင်ချေ။

အရက်ကထူးဆန်းသည် ပျော်ရွှင်နေသည့်
အချိန်မှာသောက်လျှင် ပျော်ရွှင်မှုကနှစ်ဆဖြစ်သွားပြီး ဝမ်းနည်းစိတ်ညစ်နေချိန်မှာသောက်လျှင် ဝမ်းနည်းမှုတွေကိုနှစ်ဆခံစားရနိုင်သည်။

"ဟ လူတောင်မစုံသေးဘူး ကျိုးနေပြီလားမင်းက"

ရောက်လာသောရဲရင့်စွမ်းက ခုံမှာဝင်ထိုင်ရင်း ပြောလာသည်။ အဝတ်အစားသပ်သပ်ရပ်ရပ်ဝတ်ကာ ရေမွှေးအနည်းငယ်ပါဆွတ်ထားသည့် ရဲရင့်စွမ်းက ရှင်နေမင်း၏အခုပုံစံထက်တော့ အများကြီးသားနားနေတာပင်။ သူလည်း အခုသူ့ပုံစံဘယ်လိုဖြစ်နေလဲ မသိ။ အတွင်းကြေဖြစ်နေသောနှလုံးသား၊ အပူမီးကိုခဲယဉ်းစွာမျိုချနေရသည့် သူ့မျက်နှာက ဘယ်လောက်တောင်ဆိုးရွားနေလိမ့်မလဲ။

ရဲရင့်စွမ်းကို စကားပြန်မဆိုမိဘဲ ခွက်ထဲက လက်ကျန်ကိုမော့လိုက်သည်။ သူ့သူငယ်ချင်းတွေမလာခင်တည်းက ဆက်တိုက်သောက်နေတာ တော်တော်များနေပေမဲ့ ရှင်နေမင်းမှာ မမူးနိုင်သေးပေ။ သူတို့သူငယ်ချင်းသုံးယောက်လုံးက ရေချိန်အတော်မြင့်ကာ တော်ရုံမမူးတတ်ဘဲ အရက်ခံနိုင်ရည်အားမြင့်ကြသူများဖြစ်သည်။  ဒါကြောင့် ဒီညမှာ လုံးဝမူးရူးနေဖို့ဆိုလျှင် သူဒီထက်မကတောင်သောက်ဖို့လိုအပ်သည်။

ချစ်ရေစက်Where stories live. Discover now