Chapter (26)

4.5K 373 5
                                    

ဆောင်းတသက်၏ မင်္ဂလာပွဲနေ့ကို ရောက်ရှိရန် တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ လုပ်စရာအလုပ်တွေ ပိုရှုပ်လာသည်။ သတို့သားရဲရင့်စွမ်း၏မိသားစုဝင်တွေက လိုလေးသေးမရှိထောင့်စေ့အောင် အကုန်ပြင်ဆင်ပေးပေမဲ့ သက်ငြိမ်အေးတို့ဘက်မှာလည်း ပြင်ဆင်စရာတွေများစွာကျန်သေးသည်။

ဆောင်းတသက်ထိုင်မသိမ်းအင်္ကျီစမ်းဝတ်သည့်နေ့ကဆို သက်ငြိမ်အေးမှာ ဆောင်းတသက်ပုံကိုကြည့်ရင်း
ပီတိများဖြာဝေလွန်းသဖြင့် တစ်နေ့လုံးပါးစပ်ပင်မစိနိုင်။

pre wedding photoရိုက်ဖို့အတွက်တော့ ရှင်နေမင်းကတာဝန်ယူပေးသည်။ တက်ကြွသောလူငယ်များဖြစ်ကြသည့်အပြင် တစ်သက်မှာတစ်ခါမို့ pre wedding photoရိုက်ဖို့အတွက်သုံးရက်လောက်အချိန်ယူ၏။ မင်္ဂလာဆောင်နေ့အတွက် photoများအတွက်ကတော့နာမည်ကြီးstudioတစ်ခုကိုသာငှားလိုက်သည်။ ဆောင်းတသက်ဆိုပင်ပန်းလွန်းလို့ ညဆိုအိမ်ပြန်ရောက်တာနှင့် အစောကြီးအိပ်ရှာသည်။ ပင်ပန်းအလုပ်ရှုပ်သည့်ကြားက မင်္ဂလာဆောင်နေ့တွင်အစွမ်းကုန်လှနေရန် မေလှိုင်းချိုနှင့်ပေါင်းပြီး skin careလည်းပုံမှန်လုပ်သေးသည်။

နှင်းစက်ကိုသောက်သုံးလို့အစွမ်းကုန်ပွင့်လန်းလာသောပန်းပွင့်လိုမျိုး ညီမလေးကပျော်ရွှင်တက်ကြွနေသည်ကိုမြင်လျှင် သက်ငြိမ်အေးလည်း ပျော်သည်။ ရှင်နေမင်းကလည်းမကြာခဏဆိုသလို သူ့ကိုအထီးမကျန်ရအောင်ဖန်တီးပေးရှာသည်။ တကယ်တော့သက်ငြိမ်အေးက စိတ်ဆုံးဖြတ်ပြီးသွားပြီ။ အတူရှိနေချိန်များတွင် ညီမလေးကို ပိုပြီးဂရုစိုက်ဖြစ်ပြီး သူ့ညီမလေးကိုမိသားစုအသစ်ဆီထည့်ပေးဖို့ စိတ်ကိုအဆင်သင့်ပြင်ထားပြီးပြီ။

လက်မှတ်ထိုးပွဲနေ့ပြီးတော့ ညီမလေး၏ ပစ္စည်းများကို အိမ်အသစ်ဆီသို့ရွှေ့ယူသွားကြသည်။ ရဲရင့်စွမ်းနှင့်ဆောင်းတသက်တို့၏အိမ်အသစ်က မြို့ထဲမှာတည်ရှိသည်။ ညီမလေးကိုယ်တိုင်ကတော့ မင်္ဂလာဆောင်ပြီးမှပဲ ပြောင်းမှာဖြစ်သည်။

မင်္ဂလာမဆောင်ခင်တစ်ရက်အလိုမှာပင် မနက်အစောကြီးထရမယ်မှန်းသိရက်နှင့်မောင်နှမနှစ်ယောက်ညဥ့်နက်သည်ထိစကားပြောဖြစ်ကြသည်။ အမေ့ကိုသတိရလွမ်းဆွတ်ကြောင်းတွေကိုလည်း တခုတ်တရထုတ်ပြောဖြစ်ကြသည်။ သူတို့ဘဝတွင် အမေမရှိခြင်းက ဘယ်တော့မှပြန်မဖြည့်နိုင်တော့မည့် အပေါက်တစ်ပေါက်နှယ်။ လွမ်းသည် သတိရသည်ထက်ပိုသောစကားလုံးရှိလျှင်တောင် ဖော်ပြဖို့ငှာမစွမ်းသာသည်အထိ သူတို့အမေ့ကိုသတိရသည်။


ချစ်ရေစက်Where stories live. Discover now