Chapter (22)

4.4K 388 18
                                    

တစ်ညလုံးဝုန်းဒိုင်းကြဲကာ ထစ်ချုန်းရွာခဲ့သောမိုးက မနက်သုံးနာရီအရောက်မှာ တဖြည်းဖြည်းစဲသွားခဲ့သည်။ မိုးနှင့်အတူလေကြမ်းများပါတာကြောင့် မန္တလေးမြို့၏နေရာတော်တော်များများက ရေလျှံနေသလို သစ်ပင်နှင့်ဓာတ်တိုင်များပါ လဲ၏။ ရှင်နေမင်း မိဘအိမ်ရှေ့ မလှမ်းကမ်းတွင် ပိတောက်ပင်တစ်ပင်လဲသဖြင့် မနက်စောစောတွင် စည်ပင်သာယာကိုဖုန်းဆက်ထားရသည်။

တစ်ညလုံးလေကြမ်းမိုးကြမ်းအပြီးတွင် မနက်ခင်းကစိမ့်စိမ့်လေး အေးနေ၏။ အလုပ်မသွားဘဲ စောင်ထဲတွင်ကွေးနေချင်စရာ ကော်ဖီတစ်ခွက်ကိုင်၍ အေးချမ်းစွာစာအုပ်ဖတ်ချင်စရာ ရာသီဥတုဖြစ်နေသည်။ မနက်ခင်းအစောကြီးတည်းက ရှင်နေမင်းသည် အမေ့အိမ်ကို ရောက်နေတာဖြစ်သည်။

ရှင်နေမင်းတို့ခြံထဲတွင် အပင်ကြီးကြီးမားမားမရှိ၍ သိပ်လှဲကျင်းစရာတော့မလိုပါ။ အိမ်ရှေ့လမ်းတွင်အိုင်ထွန်းနေသောရေများကို စုပ်ထုတ်ခြင်း၊ ခြံထဲကြွေကျနေသော သစ်ရွက်နှင့်သစ်ကိုင်းခြောက်များ လှဲကျင်းခြင်းအမှုတို့ကို အိမ်ရှိဝန်ထမ်းများ အကူအညီဖြင့် မနက်အစောတည်းကတက်တက်ကြွကြွ လုပ်ကြသည်။ အမေ့အိမ်ဘက်ကိစ္စများပြီးစီးတော့ သူသည် သက်ငြိမ်အေးအိမ်ဘက်ကိုကူးလိုက်သည်။

သက်ငြိမ်အေးတို့ရပ်ကွက်က သစ်ပင်များပေါသောကြောင့် လဲတာတွေရှင်းရတာတွေများလိမ့်မည်။ ခြံကိုရှင်းဖို့အတွက် သက်ငြိမ်အေးတစ်ယောက် ဆေးရုံမသွားဘဲရှိနေမလားမပြောတတ်ပေ။ ဒီကြားထဲ facebookပေါ်မှာ သူတင်ချင်တာတွေတင်ပြီး ပျောက်ချက်သားကောင်းနေမိရာ ဒီနေ့တော့မျက်နှာပြောင်ပြောင်ဖြင့်သာ သွားတွေ့ရတော့မည်။ ထမင်းပေါင်းသွားပို့ပြီးတည်းက ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲပင်မသိတော့။ သို့သော်လည်း ခြံရှင်းဖို့ကို သက်ငြိမ်အေးတစ်ယောက်တည်းလွှတ်မထားချင်ပြန်။ နောင်ခါလာနောင်ခါဈေးပေါ့။ ဘယ်တတ်နိုင်မလဲ။ သူကိုယ်တိုင်ကလည်း သက်ငြိမ်အေးကိုအရမ်းလွမ်းနေပြီ။

ရပ်ကွက်အတွင်းလမ်းပေါ်ရှိ ဗွက်အိုင်အချို့ကို ရှင်နေမင်းသေချာလေးရှောင်ရင်း သက်ငြိမ်အေးတို့ခြံရှေ့ကိုရောက်လာသည်။ ခြံထဲလူတစ်ယောက်မှမတွေ့တာမို့ ဆွဲထားသောခေါင်းလောင်းလေးကို လှုပ်ရမ်းလိုက်သည်။ ခဏအကြာ ဆောင်းတသက်ထွက်လာသည်ကို တွေ့လိုက်ရ၏။

ချစ်ရေစက်Where stories live. Discover now