Chapter (24)

4.8K 368 34
                                    

လေအေးပေးစက်ကိုပိတ်ထားပြီး ပြတင်းပေါက်များကိုဖွင့်ထားတာမို့ ပြင်ပလေများကအခန်းတွင်းကိုဝင်ရောက်လာသည်။ လေအသော့မှာ ခပ်လွင့်လွင့်ဖြစ်သွားသည့် ခန်းစီးစလိုမျိုး သက်ငြိမ်အေးစိတ်တွေကလွင့်မျောနေသည်။ တွေဝေမိန်းမောကာမျက်နှာကြက်ကိုစိုက်ကြည့်နေမိတာ အချိန်အတော်ကြာ။ လတ်တလောနေ့ရက်များမှာ ခံစားခဲ့ရသည့် စိတ်အဆင်မပြေမှု၊ ရှင်နေမင်းနှင့်ရှေ့လျှောက်ဘယ်လိုရင်ဆိုင်ရမလဲ မသိတော့တာကြောင့်စိုးရိမ်မှု၊ အထီးကျန်ရမှု၊ စိတ်မလုံခြုံမှုတွေဟာ အခုတော့ ကြက်ပျောက်ငှက်ပျောက်။ ထိုခံစားချက်တွေအစား ရင်တသိမ့်သိမ့်တုန်ကာ လှိုက်ဖိုရမှု၊ ရှက်ရွံ့မှုနှင့် ရင်ခုန်မှုများသာ အစားထိုးဝင်ရောက်နေတော့သည်။

ထွက်သွားတော့မည့်နောက်ကျောပြင်ကို ထပ်ပြီးဆွဲထားလိုမှုကနေ သက်ငြိမ်အေးသည် သူ့နှလုံးသားတံခါးကိုဖွင့်မိလေ၏။

ရှင်နေမင်းက သူ့ဘေးနားကနေထပ်ပျောက်သွားမှာ၊ သူ့ကိုအဆက်အသွယ်မလုပ်တော့မှာကို ထိုအချိန်ပိုင်းလေးမှာပင် ပြင်းထန်စွာ ကြောက်ရွံ့တုန်လှုပ်သွားခဲ့သည်။ ရှင်နေမင်းနှင့်ဝေးနေရချိန်များမှာ ပြင်းပြင်းပြပြ သတိရခြင်းများကို သူဖုံးကွယ်နိုင်ခဲ့သည်။ ဘေးမှာအမြဲတမ်းရှိခဲ့သူမို့ဆိုသည့် အကြောင်းပြချက်ဖြင့် သံယောဇဥ်ကိုသာပုံချမိသူသည်  "ချစ်လား" ဆိုသည့်မေးခွန်းကို ခေါင်းညိတ်မိခဲ့လေသည်။

ရူးလိုက်တာ...
သူက နောက်တစ်ကြိမ်လူတစ်ယောက်ကို နက်နက်နဲနဲချစ်မိပြန်ပြီ။
မက်မက်မောမော လိုချင်မိပြန်ပြီ။ ထပ်နာကျင်ရမှာကို သေမလောက်ကြောက်ရင်း နှလုံးသားကယိမ်းယိုင်မိပြန်သည်။ ထိုခံစားချက်များကလည်း ရူးသွပ်သွားမတတ်စွဲလမ်းချင်စရာကောင်းလွန်းနေပြန်သည်။

"ချစ်တယ်"ဆိုသည့် အဖြေစကားက
ရှင်နေမင်းကို သူသိပ်ချစ်ကြောင်း ကိုယ့်ကိုယ်ကိုယ်ဝန်ခံလိုက်ခြင်းလည်း ဟုတ်သည်။ သူဒီလောက်ထိနက်ရှိုင်းစွာ ချစ်မိသွားကြောင်း သိလိုက်ရချိန်မှာ ရှင်နေမင်းရင်ခွင်ထဲကိုဝင်ပြီး မလွတ်တမ်းဖက်ထားမိခဲ့သည်။

ချစ်ရေစက်Where stories live. Discover now