Zawgyi***
အဖွား၏အခန်းထဲသို့ တံခါးဖွင့်ဝင်လာသည့်အခါမှာတော့ စံပယ်နံ့ခပ်သင်းသင်းက နှာခေါင်းဝသို့ တိုးဝှေ့ဝင်ရောက်လာလေ၏။ နေထိုင်သူမရှိပေမယ့်လည်း နေ့စဉ်နေ့တိုင်း ရှင်းလင်းပေးတတ်သည့် ကြီးနန်းကြောင့် အခန်းလေးက ဖုန်အညစ်အကြေးတို့မရှိဘဲ သန့်ရှင်းသပ်ရပ်နေသည်။ ဆည်းဝင်လာသည့်အချိန်တိုင်းလည်း ပန်းတစ်မျိုးမျိုး၏အနံ့ကို ရတတ်မြဲပင်။
စာအုပ်လာယူသည်ဆိုပေမယ့် ဆည်း၏ဦးတည်ရာက စာအုပ်စင်သို့မဟုတ်ဘဲ အိပ်ယာခင်းအပြာနုရောင်ခင်းထားသည့် အဖွား၏ကုတင်ဆီသို့ ဦးစွာရောက်လာခဲ့သည်။ ကုတင်ပေါ်၌ တင်ပါးလွှဲဝင်ထိုင်ရင်း ကုတင်ဘေးစားပွဲပေါ်မှ ဓာတ်ပုံဘောင်လေးတစ်ခုကို လှမ်းယူလိုက်မိ၏။
အဖြူအမည်းကာလာဖြင့် ရိုက်ထားသည့် အမျိုးသမီးငယ်နှစ်ယောက်၏ပုံလေးပင်။ ဆည်း၏အဖွားနှစ်ယောက်ဖြစ်သည့် အဖွားဒေါ်ဥမ္မာတင်နှင့် အဖွားဒေါ်သီတာခင်။ ဓာတ်ပုံထဲမှ အဖွားနှစ်ယောက်က အသက်နှစ်ဆယ်ဝန်းကျင်လောက်ပင်ရှိသေးသည်။ နှစ်ယောက်လုံးက မှန်ဇာအင်္ကျီလက်ရှည်နှင့် အချိတ်ထဘီကိုဝတ်ဆင်ထားက ဆံပင်ကိုဆံကျစ်ကျစ်၍နှစ်ခေါက်ခေါက်လျက် ဖဲကြိုးလေးဖြင့် ချည်ထားသည်။ အဖြူအမည်းကာလာကြောင့်သာမဟုတ်ပါလျှင် အဖွားတို့နှစ်ယောက်၏မျက်ဝန်းပြာတို့ကို မြင်ရမှာပဲဟု ဆည်းနှမြောတသဖြစ်မိသည်။
အမြွှာဟုထင်မှတ်ရလောက်အောင် တူလွန်းလှသည့်ရုပ်ရည်ရူပကာကြောင့် ရုတ်တရက်ကြည့်ပါက ဘယ်သူက ဥမ္မာတင်၊ ဘယ်သူက သီတာခင်ဟု ခွဲနိုင်ရန်ခဲယဉ်း၏။ သို့ပေမယ့် ဆည်းကတော့ အဖွားပြောပြထားခြင်းကြောင့် သေချာစွာခွဲနိုင်လေသည်။
အဖွားဥမ္မာတင်က အဖွားသီတာခင်ထက် သုံးနှစ်ခန့်ငယ်ပေမယ့် အရပ်ကတော့အနည်းငယ် ပိုမြင့်လေ၏။ ကွာခြားချက်ကတော့ အဲ့လောက်ပါပဲ။
ဓာတ်ပုံလေးကို ပြန်ချထားလိုက်ပြီး အခန်းနံရံ၌ ကပ်ထားသည့် အဖွား၏စာအုပ်တို့ထည့်ထားသည့် မှန် show case ကြီးဆီသို့ လျှောက်လာခဲ့သည်။
အဖွား၏အဖိုးဖြစ်သူက English လူမျိုးစစ်စစ်တစ်ယောက်ဖြစ်ပြီး မြန်မာပြည်လွတ်လပ်ရေးမရခင်ကာလက အရေးပိုင်မင်းဖြစ်ခဲ့သည်။ ဆည်းနှင့်ဆိုလျှင်တော့ အဘေးတော်လောက်မည်ထင်ပါ၏။
YOU ARE READING
Twilight ( Zaw+ Uni )
RomanceZawgyi## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ " Unicode## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ "