Chapter-41

118 7 2
                                    

Zawgyi**

" အစ်ကိုဆည်း... ဘယ်သွားမလို့လဲ "

ဖန်ခွက်တစ်ခွက်ကိုကိုင်လျက် အလောတကြီးပြေးလာသော ဆည်းအား ဓာတ်လှေကားထဲမှ ထွက်လာသည့် ဖိုးကောက်က လှမ်းဆွဲလျက်မေးလိုက်လေ၏။

ထိုအခါ ဆည်းက ဖိုးကောက်၏နောက်၌ ရပ်နေသည့် ရဲအရာရှိတို့အား တစ်ချက်ဝေ့ဝဲကြည့်လိုက်ရင်း...။

" ဖိုးကောက်... အခန်းထဲဝင်သွားလိုက်... အဲ့မှာ လွှမ်းရှိတယ် အစ်ကိုသွားစရာလေးရှိသေးလို့ "

အကျိုးအကြောင်းပြောကာ ဓာတ်လှေကားထဲဝင်ရန်ပြင်လိုက်ပေမယ့် ထိုစဉ်မှာပဲ...။

" ဆည်း... ကိုယ့်ကို စောင့်ဦး "

ဆည်းအား လှမ်းခေါ်လိုက်သည့်အသံနှင့် လွှမ်းက ပိတ်လုဆဲဆဲဖြစ်နေသည့် ဓာတ်လှေကားကို လက်ထိုးကာ ခံလိုက်တာကြောင့် ဓာတ်လှေကားတံခါးက ပြန်လည်ပွင့်ဟသွားလေ၏။

လွှမ်းက ဆည်းအား ဓာတ်လှေကားထဲမှ ဇွတ်အတင်း ဆွဲထုတ်လိုက်သည့်အခါမှာတော့ ဆည်းက လွှမ်းအား မျက်မှောင်ကုတ်ကာကြည့်လိုက်ရင်း...။

" လွှမ်း... မင်းဘာလိုက်လုပ်တာလဲ... ဦးစောနောင်ကို ဒီတိုင်းထားခဲ့တာလား.. သူထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ "

" ကိုယ် သူ့ကို ဂရုမစိုက်နိုင်ဘူး .. မင်းရဲ့ အခုလိုအခြေနေနဲ့ ကားမောင်းဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ.. ကိုယ်တို့ ဦးစောနောင်ကို အရင်ရဲလက်အပ်မယ်... ပြီးတော့မှ ဆေးရုံကို တူတူသွားကြမယ် "

" မဟုတ်ဘူး... ငါအခုချက်ချင်းသွားမယ်... မင်းက ဦးစောနောင်ကိစ္စလိုက်လုပ်ပေးလိုက် "

" ဆည်း... ဒါဆို ကိုယ် အခုလိုက်ခဲ့မယ်... ဦးစောနောင်ကိစ္စနောက်မှလုပ်မယ် "

" မင်းဆက်မပြောနဲ့တော့... ရဲတွေလည်း ရောက်နေပြီ ကျန်တဲ့ကိစ္စတွေကို မင်းပဲကြည့်လုပ်လိုက်တော့ ငါ့ဟာငါ တစ်ယောက်တည်း သွားမယ် "

ဆည်းက ပြောရင်းဆိုရင်း လွှမ်း၏လက်တို့ကိုဖယ်ပစ်ကာ ဓာတ်လှေကားထဲဝင်ရန်လုပ်၏။ ဆည်း၏ခုလို သွေးဆူနေသည့်အခြေအနေနှင့် ကားမောင်းဖို့ရာ လွှမ်းစိတ်မချနိုင်။ တစ်ဖက်မှာလည်း ဦးစောနောင်၏ ကိစ္စအတွက် လွှမ်းလိုက်လုပ်ရမှာတွေ ရှိသေးသည်။

Twilight ( Zaw+ Uni )Where stories live. Discover now