Chapter-25

170 12 2
                                    

Zawgyi**

အစည်းအဝေးခန်းမ၏ ပင်မတံခါး ပွင့်ဟသွားသည်နှင့် တွေ့လိုက်ရသည့် Sky group ၏ကိုယ်စားလှယ်က လွှမ်းထင်ထားသည့်သူတော့ မဟုတ်ခဲ့ပေ။

အခန်းတံခါးဝ၌ ဆွဲဆောင်မှုရှိသည့်အပြုံးလှလှဖြင့် နေရာယူထားသူက လွှမ်း၏အစ်ကို စဝ်ခွန်းသိုက်မဟုတ်ဘဲ အညိုဖျော့ရောင် suitနှင့် ခြောက်လက်မခန့်မြင်သည့် high heel ကိုလိုက်ဖက်စွာဝတ်ဆင်ထားသည့် မိန်းမလှတစ်ယောက်ပင်။

" ယမင်းမေ "

အံ့သြစိတ်ဖြင့် လွှမ်း၏နှုတ်ဖျားမှ ထိုနာမည်အား ခပ်တိုးတိုးရေရွတ်မိသလို တစ်ပြိုင်တည်းမှာပဲ လွှမ်း၏မျက်ခုံးအစုံကလည်း စိတ်အလိုမကျမှုတို့ဖြင့် တွန့်ချိုးခဲ့ရ၏။

ယမင်းမေက ယုံကြည်မှုရှိသည့် ခြေလှမ်းတို့ဖြင့် ကြွကြွရွရွလျှောက်လှမ်းလာ၏။ ထို့နောက် လွှမ်းရှေ့၌ ရပ်လိုက်ကာ ညာဘက်လက်ကို ကမ်းပေးလာရင်း...။

" မတွေ့တာ ကြာပြီနော်... လွှမ်း "

လွှမ်း ပထမတော့ အင်တင်တင်ဖြစ်နေသေးပေမယ့် အလုပ်ကိစ္စရှိသေးတာကြောင့် အလိုက်အထိုက်ပင် ဆက်ဆံဖို့ ဆုံးဖြတ်လိုက်ကာ ခပ်ဖျော့ဖျော့ပြုံးပြလိုက်ရင်း လက်ဆွဲနှုတ်ဆက်လိုက်သည်။

ထို့နောက်မှာတော့ ယမင်းမေက နေရာမှာဝင်ထိုင်လိုက်လေ၏။ ရှယ်ယာရှင်အားလုံး စုံသွားပြီဖြစ်တာကြောင့် အစည်းအဝေးကို စတင်ဖို့ ပြင်ရလေသည်။

--------------------

" ဒါဆို ကျွန်တော်တို့ သွားပါဦးမယ် "

" ကောင်းပါပြီ "

အစည်းအဝေးပြီးသွားသည့်နောက်မှာတော့ ရှယ်ယာရှင်အချို့က Meeting room ထဲမှထွက်သွားကြလေ၏။ အခန်းထဲတွင် ကျန်ခဲ့သည့်သူက လွှမ်း၊ ယမင်းမေနှင့် ဦးစောနောင်တို့သာ။

ဦးစောနောင်နှင့် ယမင်းမေတို့ အစည်းအဝေးခန်းထဲမှ မထွက်သေးဘဲ လွှမ်းကအရင်ပြန်၍ မဖြစ်ပေ။ သူတို့နှစ်ယောက်နှင့် မျက်နှာချင်းဆိုင် ရှိနေခြင်းက လွှမ်းကို ဒေါသထွက်စေ၏။ သို့ပေမယ့် အတတ်နိုင်ဆုံးစိတ်ထိန်းကာ ယဉ်ကျေးသည့်အသံဖြင့် မေးလိုက်သည်။

Twilight ( Zaw+ Uni )Tempat cerita menjadi hidup. Temukan sekarang