Chapter-34

142 12 2
                                    

Zawgyi**

ဆည်း အိပ်ယာမှ နိုးလာသောအခါ နံဘေးမှနေရာလွတ်ကိုသာ စမ်းမိ၏။ စဝ်လွှမ်းရဝေတစ်ယောက် အိပ်ယာမှ ထသွားပြီထင်သည်။ အိပ်ယာဘေးမှ ဖုန်းကို ဖွင့်ကြည့်လိုက်တော့ screen ထက်၌ ပေါ်နေသည့် ဂဏန်းတို့က ရှစ်နာရီမိနစ်နှစ်ဆယ်သို့ ညွှန်ပြနေသည်။

အိပ်စုံမှုန်မွှားဖြစ်နေသော မျက်ဝန်းအစုံကို ပွတ်သပ်လိုက်ရင်း အညောင်းအညာပြေအောင် ကိုယ်ကိုအကြောဆန့်လိုက်၏။ ထို့နောက် ကုတင်ထက်မှ ဆင်းလိုက်ရင်း ပြတင်းပေါက်လိုက်ကာကို ဖွင့်လိုက်ကာ မှန်မှတစ်ဆင့် ခြံထဲရှိ ရာသီဥတုအခြေအနေကို ကြည့်လိုက်သည်။

သုံးလပိုင်းလကုန်ခါနီးအချိန်မို့ ရာသီဥတုကမအေးတော့ပေ။ ခြံထဲ၌ နေရောင်ခြည်နွေးနွေးက ဖြာကျနေသည်။ သိပ်မအေးတော့ဘူးမို့ ဆည်း ရေကူးချင်စိတ် ဖြစ်လာသည်။ ဆည်း ဒီအိမ်ကိုစရောက်ကတည်းက ရေကူးကန်ထဲ၌ ရေကူးမကြည့်ရသေးပေ။

အတွေးနှင့်အတူ ဝတ်ထားသည့် ဘောင်းဘီရှည်ကို ချွတ်လိုက်ကာ ရေကူးဘောင်းဘီတိုနှင့် လဲလိုက်သည်။ အသားရောင် sweatshirt လက်ရှည်ကိုတော့ ရေကူးကန်ဆီရောက်မှသာ ချွတ်တော့မည်ဆိုသောအတွေးနှင့် ဒီတိုင်းသာဝတ်လာလိုက်သည်။

မန္တလေးအိမ်၌ နေစဉ်ကဆို ဆည်း၏ တစ်နေ့တာကို ရေကူးခြင်းဖြင့်သာ စတင်တတ်သည်။ မနက်အိပ်ရာမှထသည်နှင့် ရေကူးကန်ထဲအရင် ထိုးဆင်းကာ အားရအောင်ရေကူးပြီးတော့မှ ရေချိုးခန်းထဲဝင်ပြီး တစ်ကိုယ်ရေသန့်ရှင်းခြင်းကို ပြုလုပ်တတ်၏။

" ဆည်း... နိုးပြီလား... ဒီမှာလာထိုင်ပါဦး "

အတွေးရေယာဉ်ထဲ အသာစီးမျောရင်း လမ်းလျှောက်လာခိုက် ဧည့်ခန်းဝရောက်သည့်အခါမှာတော့ လွှမ်း၏ခေါ်သံကို ကြားလိုက်ရတာကြောင့် ခြေလှမ်းတို့ကိုရပ်လိုက်မိကာ ဧည့်ခန်းဆီသို့ စောင်းငဲ့ကြည့်လိုက်မိသည်။

ရုတ်တရက်တွေ့လိုက်ရသည့် ဧည့်ခန်းထဲမှ လူတစ်စုကြောင့် ဆည်းတစ်ယောက် အနည်းငယ် အံ့သြသွားမိသည်။ ဧည့်ခန်းထဲ၌ လွှမ်းအပြင် လွှမ်း၏မိဘနှစ်ပါးဖြစ်သည့် အန်ကယ်လ်ဦးစဝ်မင်းနှင့် အန်တီဝတ်မှုန်ဖူးတို့ပါ ရှိနေကြသည်။

Twilight ( Zaw+ Uni )Donde viven las historias. Descúbrelo ahora