**Unicode**
တရားခွင်ထဲ၌ အပ်ကျသံကြားရလောက်အောက်ပင် တိတ်ဆိတ်သွားကာ လူတိုင်းက တရားသူကြီး၏စီရင်ချက်ကို နားစွင့်နေကြ၏။
ဒေါ်နန်းထိုက်မူယာက ဘလောက်အင်္ကျီအပြာနုရောင်၏ အနားစကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင်ဆုပ်လျက် တုန်လှုပ်နေသောစိတ်ကို ကြိုးစား၍ချုပ်တည်းနေလေ၏။ စိုးရိမ်နေသော မျက်နှာထက်၌ ခပ်ဟဟပွင့်နေသော နှုတ်ခမ်းအစုံကလည်း တစ်စုံတစ်ရာကို တီးတိုးဆုတောင်းနေဟန်ရှိသည်။ သူမဘေးတွင်ရှိနေသော စန္ဒကူး၏လက်ကိုမူ ဟိန်းဇေက အသာအယာဆုပ်ကိုင်ရင်း တိတ်တဆိတ်အားပေးနေ၏။
ဖိုးကောက်က ဆည်းကို တစ်ချက်လှမ်း၍ကြည့်သည့်အခါ ဆည်းအားကြည့်နေသော လွှမ်း၏မျက်လုံးတို့နှင့် ဆုံသွားလေ၏။ ဆည်းကမူ ဘာမှမထူးခြား။ လက်ပိုက်လျက်ခါးကို မတ်မတ်ထိုင်ရင်း တရားသူကြီးကိုသာ တည်တံ့သောမျက်နှာဖြင့် မမှိတ်မသုန်စိုက်ကြည့်နေ၏။
ဖိုးကောက်ကို လွှမ်းက ခေါင်းကိုအသာယမ်းပြရင်း ရှေ့ကိုပြန်လှည့်သွားလေ၏။ သို့ပေမယ့် လွှမ်းလှည့်လိုက်သည့်နေရာက တရားသူကြီးထံကိုမဟုတ်။ ဦးစောနောင်၏ တရားခံရှေ့နေရှိသည့်နေရာပင်။ ထိုရှေ့နေက ဦးစောနောင်အား တရားသေလွှတ်ပေးရန် လွှမ်းနှင့် လာဘ်ပေးလာဘ်ယူညှိခဲ့ဖူးသည့် ငွေမက်သည့်ရှေ့နေမှန်းလည်း ဖိုးကောက်သတိထားလိုက်မိသည်။
အစ်ကိုလွှမ်းထံမှ ထိုရှေ့နေ၏နာမည်ကို တစ်စွန်းတစ်စကြားဖူးသည်။ သို့သော် သူမမှတ်မိ။ မမှတ်မိသည်က အရေးမကြီး။ အရေးကြီးသည်က ထိုရှေ့နေနှင့် အစ်ကိုလွှမ်းတို့က မျက်လုံးချင်းဆုံသွားခိုက်၌ မသိမသာ ခေါင်းညိတ်လျက် အချက်ပြလိုက်ခြင်းကြောင့်။
ဦးစောနောင်က အစ်ကိုဆည်း၏အဖေအရင်းဖြစ်သည်မို့ အစ်ကိုလွှမ်းကမည်သည့်အကြောင်းကြောင့်နှင့်မှ ထောင်ဒဏ်နှစ်ရှည်ကျခံတော့မည်မဟုတ်မှန်း ဖိုးကောက်သေချာသိ၏။ အစ်ကိုလွှမ်းတစ်ယောက်ဘာတွေထပ်လုပ်ထားလဲ ဆိုသည်ကိုတော့ ရလဒ်ထွက်လာမှပဲ သိနိုင်တော့မည်။
ဆည်းကတော့ မမှိတ်မသုန်ပုံစံဖြင့် ရှေ့ကိုသာ တည့်တည့်ကြည့်လျက် အတွေးနယ်ချဲ့ကာစဉ်းစားနေ၏။ပုံမှန်အားဖြင့်ဆိုပါက ဦးစောနောင်၏အမှုကလူနှစ်ယောက်ကိုသေစေသော လူသတ်မှုဖြစ်သည်မို့ ထောင်ဒဏ် ၂၀ နှစ်ထက်မနည်းဖြစ်နိုင်၏။ ထို့ထက်ပိုပါက ကြိုးပေးခံရသည်အထိဖြစ်နိုင်သည်။
YOU ARE READING
Twilight ( Zaw+ Uni )
RomanceZawgyi## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ " Unicode## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင်ပန်းဘူးလား" " မပင်ပန်းစေချင်ရင်... ငါ့ကိုပြန်ချစ်လိုက်တော့လေ "