【𝖴𝖭𝖨𝖢𝖮𝖣𝖤】
Chapter 26 –အရမ်းစိတ်လှုပ်ရှားစရာပဲ!!
—သေစမ်း ဘောလုံးက ကွဲထွက်သွားတယ်!!
အဲ့တာက လုကျန်းရဲ့လက်ထဲကနေ ပေါက်ကွဲသွားတာ။
အဲ့တာသာ မပေါက်ကွဲခဲ့ဘူးဆိုရင် သမိုင်းတွင်နေမဲ့ တအားလှတဲ့ three-pointer ဖြစ်သင့်တာပင်။
ကွဲထွက်သွားတဲ့ ဘောလုံးက မြေပြင်ပေါ်ကို တဖျပ်ဖျပ်ရစ်ဝဲကျလာလေသည်။အားကစားရုံထဲကလူတိုင်း ဒါမျိုးမမျှော်လင့်ထားဘူး။ သူတို့ရဲ့မျက်နှာတွေမှာ အံ့ဩနေမှုတွေကအတိုင်းသားဖော်ပြနေသည်။
လုကျန်း: “…...”
ထူးဆန်းတဲ့အရာတွေက ဆက်တိုက်ကိုဖြစ်နေတော့တာပဲ။
“ပီ–”
အဲ့အချိန်၌ ဝီစီမှုတ်သံဟာ ကစားပွဲပြီးဆုံးသွားပြီဖြစ်ကြောင်းအချက်ပြလာသည်။ လူတိုင်း နောက်ဆုံးတွင် သတိပြန်လည်လာကြ၏။
ပေါက်ကွဲမှုက လှပသေသပ်ရမဲ့ three-pointerကို ဖျက်စီးသွားပေမဲ့ ဒုတိယနှစ် နိုင်ငံတကာအတန်းက ပြိုင်ပွဲမှာအနိုင်ရရှိနေတုန်းပင်။ သူတို့က တတိယနှစ်တွေရဲ့ အသန်မာဆုံးအဖွဲ့ကို အနိုင်ရယူခဲ့တာပဲ။ ဒုတိယနှစ်ကျောင်းသားတွေက ချက်ချင်းကို အားတက်ကာရွှင်မြူးလာလေသည်။
ချူယင်းရဲ့အသံက မကျယ်သွားသလို သူမဘေးမှာလည်း တခြားလူတစ်ယောက်မှရှိမနေတာကြောင့် သူမရဲ့ချီးကျူးသံကို ကျန်ယန်တစ်ယောက်သာကြားခဲ့တယ်။
သူမက ပေါက်ကွဲမှုကြောင့် ရှော့နေရာမှ ပြန်သတိလည်လာကာ လက်ခုပ်ရောတီးပေးလိုက်ပြီး ချူယင်းရဲ့ဘက်ကို သူမခေါင်းလှည့်လိုက်သည်။
“ဘာကို အားကောင်းလိုက်တဲ့လူလဲ?”
ချူယင်း လေးလေးနက်နက်ပြုံးလိုက်ကာ
“သူ ဘောလုံးကို ပေါက်ကွဲသွားစေတဲ့အထိ ဘယ်လောက်တောင် အားကောင်းလိုက်သလဲနော်”
ကျန်ယန်: “…...”
နင်အဲ့လိုဆိုလိုချင်တာမဟုတ်ဘူးလို့ ငါဘာလို့ခံစားနေမိတာလဲ။
သူမ မှတ်မိတာအမှန်ဆိုရင် ပွဲတစ်လျှောက်အချိန်လုံး ကောင်မလေးတွေက ငိုယိုပြီးသေလောက်အောင် အော်ဟစ်နေခဲ့တုန်းက ချူယင်းဟာ လုံးဝကို စိတ်ဝင်စားမှုမရှိသလို စကားတစ်လုံးမှကို မပြောဘဲနေကာ ဘောစကတ်ဘောလံုးလည်း ပေါက်ထွက်သွားတဲ့အခါမှသာ သူမရဲ့ အာရုံစိုက်မှုကိုဖမ်းစားနိုင်တာပဲဖြစ်တယ်။
ကျန်ယန် ရှက်သလိုမခံစားမိဘဲမနေနိုင်ပေ။ သူမက မတည်မတံ့ဖြစ်နေတုန်းပဲ။ ခုနတုန်းကဆို သူမကအကျယ်ကြီးအားမပေးဘဲမနေနိုင်၊အားပေးမိလိုက်တာ။ သူမနဲ့ ချူယင်းရဲ့ကြားမှာအကွာကြီးကွာခြားနေသေးတဲ့ပုံပဲ။
ချူယင်း သက်တောင့်သက်သာခံစားနေရသည်။
သူမ ရွှယ်ရှီကျီကိုပြောလိုက်တယ်။
“ခွေးကောင်ငါ့ကို ဘယ်လိုကြည့်သလဲဆိုတာ နင်မြင်တာပဲ သူ ထပ်ပြီးကြည့်ကောင်း နေအောင်ကစားမယ်ဆိုရင် ငါသူ့ခေါင်းကို ဖြုတ်ပစ်လိုက်မယ်”
ရွှယ်ရှီကျီက သူမရဲ့ မကောင်းဆိုးဝါးဆန်တဲ့လုပ်ဆောင်ချက်အတွဲလိုက်ကို လုံးဝ ကျင့်သားရသွားခဲ့ပြီဖြစ်တယ်။ ဒီအဆုံးသတ်ရိုက်ချက်က လုံးဝကို သိသာထင်ရှားတဲ့သက်ရောက်မှုရှိတယ်လို့တောင်ထင်မိသည်။
“Hostက အံ့ဩစရာကောင်းလွန်းတယ် ”
ချူယင်း: “အဲ့တာအမှန်ပဲ”
လုကျန်း ချူရှီကိုချေပပစ်လိုက်သည်။ ပြိုင်ပွဲမစခင်က ချူရှီက ကိုယ့်ကိုယ်ကို ဂုဏ်ယူနေခဲ့တာ။ သူ့ညီမလေးရဲ့ရှေ့မှာ သူတအားတွေစိတ်ကြီးဝင်နေမိခဲ့ပြီး သူ့ကြွားလုံးသူတောင်ထိန်းမထားနိုင်ခဲ့ပေ။ ဒါကအရမ်းကိုရှက်ဖို့ကောင်းတယ်။
ချူရှီ သူ့ချွေးကို သုတ်နေရင်းကုချိုးဇယ်ကို ခါးခါးသီးသီးစိုက်ကြည့်နေမိခဲ့သည်။
ကုချိုးဇယ်လည်း လုကျန်းညှဉ်းပန်းတာခံခဲ့ရတယ်။ သူ ချူရှီကို ပခုံးပုတ်လိုက်ကာ သူ့ကိုဆူလိုက်သည်။
“နောက်တစ်ခါ မင်းငါ့ကိုလာမခေါ်ပါနဲ့တော့”
သူ့ညီမရှေ့ဘယ်လောက်တောင်အရှက်မရှိရာကျလိုက်သလဲ။
တတိယနှစ်စီနီယာတွေပိုပြီးတည်ငြိမ်နေစဉ် ဆန့်ကျင်ဘက်ဧရိယာကတော့ အရူးအမူးအောင်ပွဲခံနေကြလေသည်။ ချူရှီက ချူယင်းဆီကို တွန့်ဆုတ်တွန့်ဆုတ်နဲ့လျှောက်သွားလိုက်ပြီးပြောလေသည်။
“ကိုကို ဒီနေ့သိပ်အခြေအနေမကောင်းလို့ ကောင်းကောင်းမကစားနိုင်ခဲ့ဘူးရယ်”
ကျန်ယန်ဟာ ခုနလေးတင် လုကျန်းအတွက် ချူယင်းရဲ့ချီးကျူးသံကို မျက်မြင်တွေ့ကြုံထားရတာဖြစ်တယ်။သူမရဲ့လေသံကထူးဆန်းနေပေမဲ့ သူက ဒုတိယနှစ်အဖွဲ့ကို ပိုပြီးအားပေးနေတာဖြစ်နိုင်လောက်သည်။ ဒါပေမဲ့လို့ ချူယင်း သူမရဲ့ပါးစပ်ကိုဖွင့်ဟလာကာ
“မဟုတ်ပါဘူး ကိုကို ညီမလေးအနေနဲ့တော့ ကိုကိုက တခြားလူတွေထက် အများကြီးပိုကြည့်ကောင်းတယ်ထင်တာ” ဆိုပြီးပြောလာလိမ့်မယ်လို့ ဘယ်သူကသိမှာတုန်း!!
ချူရှီလည်း အံ့အားသင့်သွားသည်။
“တကယ် တကယ်လား”
ချူယင်းက စိတ်ရင်းအတိုင်းပြောလာသည်။
“ဟုတ်တယ်လေ ဟိုဘက်ခြမ်းကယောက်ျားလေးက တအားကြမ်းကြမ်းတမ်းတမ်းကိုကစားနေတာ လုံးဝကို မမိုက်ဘူး ဒါပေမဲ့ ကိုကိုရဲ့ ဘောလုံးသယ်တဲ့ပုံက ပန်းချီကားတစ်ချပ်လိုအနုပညာမြောက်လွန်းတယ်”
ကျန်ယန်: “!!”
ဒါတော့ ချဲ့ကားလွန်းနေပြီ။
သေချာတာကတော့ ချူရှီက သူ့ရဲ့လေထဲတိုက်အိမ်ဆောက်တဲ့အိမ်မက်ကမ္ဘာဆီကို တခါထပ်လွင့်မျောပြန်သည်။
“အမှန်တော့ ကိုကိုလည်း သူက တော်ရုံသင့်ရုံလောက်ပါပဲ လို့ထင်တာ တနေ့ကျရင် ကိုကိုရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေ ပိုကောင်းမွန်လာခဲ့ရင် ကိုကိုပြန်အနိုင်ယူနိုင်တယ်”
‘ငါ့အစ်ကိုက ရိုးအလွန်းတယ်’ တွေးရင်း ချူယင်း သူမရဲ့ခေါင်းကို ယမ်းလိုက်ကာ
“ကိုကိုသာ ကျန်းမာရေးဒေါင်ဒေါင်မြည်သွားပြီဆိုရင် အချိန်မရွေး သူ့ကို အနိုင်ယူနိုင်တယ်လို့ ညီမလေးယုံကြည်တယ်ရယ်”
ချူရှီဟာ ထူးခြားတဲ့အော်ရာနဲ့ အင်ပါယာအရှင်သခင်တစ်ပါးကဲ့သို့ ကောင်းကင်အောက်မှာ မတ်တပ်ရပ်နေသလိုမျိုး ရုတ်တရက် ခံစားလိုက်ရသည်။သူ နောက်စက္ကန့်ပိုင်းလောက်မှာ အဲ့ဒီ အယုတ်တမာကောင် လုကျန်းကို မြေပြင်ပေါ် ဖိချထားလိုက်နိုင်သလိုပဲ။
ကုချိုးဇယ် သူ့ကိုကြည့်လိုက်ကာ: “......”
နိုးထတော့ ငါ့ကောင်။
ကျန်ယန်လည်း သူတို့ကို ကြည့်ပြီးတွေးလိုက်မိသည်: ယင်ယင်နဲ့ ချူရှီက ကောင်းမွန်တဲ့ဆက်ဆံရေးရှိတာပဲ။
ဆန့်ကျင်ဘက်ဧရိယာတွင် ဒုတိယနှစ် နိုင်ငံတကာအတန်း က ကစားသမားများကို လူအုပ်ကြီးက ဝိုင်းရံနေလေသည်။
လုကျန်း လူအုပ်ကိုရှောင်လိုက်ပြီး စင်ပေါ်တွင်မတ်တပ်ရပ်နေကာ ဆန့်ကျင်ဘက်အခြမ်းကို တစ်ချက်လှမ်းကြည့်လိုက်တယ်။
ချူယင်း ထိုင်နေတဲ့နေရာကို စီနီယာအရပ်ရှည်ရှည်အုပ်စုတစ်စုက ဝိုင်းထားလေသည်။ သူမရဲ့ပုံရိပ်ကလေးက လုံးဝကို မြှုပ်နေပြီး မြင်တောင်မမြင်ရတော့ပေ။
လုကျန်း ပါးစပ်ထဲရေလောင်းထည့်လိုက်ကာ ရေစရေနတို့အား သူ့လက်ကိုမြှောက်ပြီးသုတ်လိုက်သည်။ စိတ်အနှောင့်အယှက်ဖြစ်တယ်။
စုန့်ကျောက်လင် ကတော့ လူအုပ်ကြားကနေဖြစ်ပြီး သူ့ဆီကို တိုးဝင်လာရသည်။ သူ့ရဲ့ ဂုဏ်ယူတဲ့မုဒ်က အလိုအလျောက်ဝင်လာကာ
“ကျန်းကော MVP! အရမ်းမိုက်တယ် အစ်ကို့အတွက်အော်ဟစ်ရလွန်းလို့ ကျွန်တော့်ရဲ့ လည်ချောင်းတောင်ကွဲနေပြီ”
လုကျန်းသူ့ကိုကြည့်ပြီးတွေးမိသွားသည်။ အဲ့နောက်သူမေးလိုက်တယ်။
“မင်း ခုနက ဘယ်နေမှာထိုင်နေခဲ့တာလဲ”
စုန့်ကျောက်လင်: “အစ်ကိုတို့အတန်းရဲ့နောက်နားမှာလေ”
လုကျန်း သူ့ရဲ့မျက်လွှာကို ချလိုက်ကာ “...အိုးး”
ဒါဆို သူမရဲ့တုံ့ပြန်ချက်ကို သူမသိဘူးပဲ။
“ဒါပေမဲ့လေ ကျန်းကော အစ်ကို ဘောလုံးကို တကယ်ကြီးပေါက်ကွဲပစ်နိုင်တာပဲနော် အရမ်းအားပြင်းလိုက်တာဗျာ~”
“…”
လုကျန်းခဏလောက် တိတ်ဆိတ်သွားကာ
“ ငါမရည်ရွယ်ခဲ့ဘူး”
သူ ဘောလုံးကိုပစ်လိုက်တုန်းကအထိ အဲ့တာက ပုံမှန်ပဲရှိသေးတယ်ဆိုတာ သေချာတယ်။ အဲ့တာလည်း ခြင်းထဲကို ဝင်ခါနီးကျမှ တစ်ခုခုမှားယွင်းသွားလေ၏။
လွန်ခဲ့တဲ့လအနည်းငယ်ကနေစပြီး စဉ်းစားလို့မရတဲ့အရာတွေ ပိုပိုများလာတဲ့ပုံပေါ်သည်။ အဲ့တာတွေအားလုံးကို သူအခုထိရှာဖွေလို့မရနိုင်သေးပေမဲ့ အခြေခံသဘောတရားချင်းကတူညီနေတယ်။
စုန့်ကျောက်လင်ကတော့ အဲ့တာနဲ့ပတ်သက်ပြီးအများကြီးမစဉ်းစားခဲ့ဖူးဘူး။ သူက သူ့အစ်ကိုက အရမ်းအံ့အားသင့်စရာကောင်းတယ်လို့သာ တွေးလိုက်တယ်။ သူက သူ့ရဲ့ခေါင်းငုံ့လိုက်ကာ
“ဘာပဲဖြစ်ဖြစ်ပါ အစ်ကိုက သမိုင်းကိုထွင်းထုခဲ့တာပဲလေ”
“…” လုကျန်းသူ့ကို လှမ်းကန်လိုက်ကာ “ထွက်သွား”
[T/N: စုန့်ကျောက်လင်က မတ်တပ်ရပ်ပြီးပြောတာမို့ လုကျန်းကထိုင်ထားရင်းခြေထောက်နဲ့လှမ်းကန်လိုက်တာပါ]
ဘတ်စကတ်ဘောပြိုင်ပွဲရဲ့နောက်ဆုံးချန်ပီယံကတော့ ဒုတိယနှစ် နိုင်ငံတကာအတန်း ပင်။ သူတို့တွေဟာ အစကတည်းက ငါးမှတ်ရှိပြီး အခု ခြောက်မှတ်ထည့်ပေါင်းကာ ချန်ပီယံရှစ်ကိုအနိုင်ရရှိသွားသည်။ အခုလက်ရှိ စုစုပေါင်းအမှတ်ဟာ အခန်း၅ကို အပြတ်အသတ် ဖယ်ထုတ်ပစ်သွားသည်။
စုန့်ကျောက်လင်ရဲ့စိတ်ဓာတ်က အထူးကောင်းမွန်တယ်။ အခန်း၅ကလိုက်မမှီနိုင်တော့ဘူးဆိုတာကိုသိပြီးနောက် သူဟာ ဘယ်လောက်ပဲ ပထမနေရာကို လိုချင်နေပါစေ ရလဒ်တွေကြောင့် လုံးဝကို ဝန်လေးမနေခဲ့ပေ။ နေ့တိုင်း သူဟာ နေရာမျိုးစုံကိုကြယ်တွေလိုက်ဖမ်းနေတဲ့အတိုင်း ဟိုယောင်ယောင် သည်ယောင်ယောင်လျှောက်သွားနေခဲ့ပြီး ဟိုဟိုဒီဒီလျှောက်ပတ်ကြည့်နေလေသည်။
ချူယင်းစာလုပ်နေရင်း စုန့်ကျောက်လင်ရဲ့ပူပင်ကြောင့်ကြကင်းမဲ့နေတဲ့ ပုံစံကိုကြည့်ပြီး မနာလိုဖြစ်မိသည်။
ရိုးရှင်းတဲ့လူတစ်ယောက်ဖြစ်ရတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ အနည်းဆုံးတော့ သူက တစ်ချိန်လုံးကို ပျော်ရွှင်နေရတယ်။
သူမ မတ်တပ်ထရပ်လိုက်ကာ သန့်စင်ခန်းကိုသွားဖို့ပြင်လိုက်သည်။ သူ့ဖုန်းကစားနေတဲ့ စုန့်ကျောက်လင်ဟာ ချက်ချင်းပဲ လေးလေးစားစားနဲ့ ဘုရင်မအတွက် လမ်းဖယ်ပေးလိုက်သည်။
အခန်းထဲက လူတော်တော်များများက အရင်တစ်ခေါက်ဘိလိယက်ပွဲကိုကြည့်ခဲ့ကြရသည်။ အခန်း၅က ဗိုလ်လုပွဲမတိုင်ခင်ကတည်းကရှုံးခဲ့တာကြောင့် သူတို့ စာသင်ခန်းကို ပြန်ဖို့စိတ်အခြေအနေမကောင်းတာမို့ ဘိလိယက်ကစားကြတဲ့ဟောခန်းမဆီကို သွားခဲ့ကြသည်။ သူတို့ ရောက်ရောက်ချင်းမှာပဲ အလှပန်းလေးနှစ်ယောက်က အချင်းချင်းယှဉ်ပြိုင်နေတာကို တွေ့လိုက်ရတယ်။
အစက သူတို့က ဖုမင်ရွှမ်းနိုင်မယ်လို့ လောင်းထားကြတာဖြစ်တယ်။ ပြီးတော့ ချူယင်းကလည်း စာလေ့လာဖို့တစ်ခုတည်းသာသိတယ်ဆိုတာ သူတို့လည်းသိတယ်လေ။
ပွဲပြီးနောက် သူတို့အားလုံးဟာ ဆန့်ကျင်ဘက်ကို ပြောင်းကုန်ကြတယ်။ ဘိလိယက်အလုံးဟာ ကျင်းထဲကို ကျသွားတဲ့အချိန်မှာ ကောင်လေးတွေက သူတို့ရဲ့ရှော့ခ်ရနေရာကနေကို သတိပြန်မလည်လာနိုင်သေးပေ။ ချူယင်းက အဲ့တာကို မြန်မြန်ပဲ အပြီးသတ်ပစ်သွားခဲ့တာ။
အဲ့အချိန်ကစပြီး သူတို့ ဒါကို ထုတ်မပြောကြသော်လည်း ချူယင်းကို သူတို့ရဲ့နှလုံးသားထဲမှာ နတ်ဘုရားမလေးတစ်ပါးအဖြစ် သတ်မှတ်လိုက်ကြပြီပဲဖြစ်သည်။
ဒါပေါ့ စုန့်ကျောက်လင်ကလည်း ကပ်ဖားယက်ဖားတဲ့နေရာမှာအတော်ဆုံးပဲလေ။ ချူယင်းက သူမရဲ့ ရေခွက်ကို ယူခါနီးတွင် စုန့်ကျောက်လင်က ချက်ချင်းကို ခွက်ကိုရှာပြီး သူရဲ့လက်နှစ်ဖက်စလုံးလေးနဲ့ ချူယင်းဆီကို ပို့ပေးလေသည်။
ချူယင်းက မရယ်ဘဲမနေနိုင်ရယ်ချမိလိုက်ကာ
“ကျေးဇူးပါ ရှောင်လင်ဇီ”
တိတ်တိတ်ကလေးစောင့်ကြည့်နေကြတဲ့ ဘေးပတ်ပတ်လည်ကကောင်လေးတွေက မနာလိုမှုတွေနဲ့ပြည့်နှက်ကုန်ကြသည်။
ချူယင်းက ခွက်ကိုယူကာ ဘေးဘက်ဘေးရာကို လှည့်ကြည့်ပြီး ရန်သူကို မတွေ့တာကြောင့် သူမက ရှေ့ကိုဆက်သွားလိုက်သည်။ မမျှော်လင့်ထားစွာနဲ့ပဲ သူမ ထောင့်ချိုးနားကွေးလိုက်တဲ့အခါ နောက်ထပ်အသိတစ်ယောက်နဲ့ဆုံလေသည်။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ လုကျန်းမဟုတ်ဘဲ ကျန့်ယွီပင်ဖြစ်သည်။ အင်း ဘာကောင်းတာမှတော့မရှိဘူး။
ကျန့်ယွီနဲ့ တခြားလူတွေ အထက်တန်းဒုတိယနှစ်တွေကို ရှုံးသွားပေမဲ့လည်း သူတို့က ဘယ်လိုနည်းနဲ့မဆို ဒုတိယရတဲ့သူတွေဖြစ်သည်။ သူဆို အသင်းအတွက် နှစ်ဂိုးတောင်သွင်းပေးခဲ့တယ်။ အဲ့ဒီဂိုးက လုကျန်းရဲ့ ထင်ပေါ်ကျော်ကြားမှု အောက်တွင် မပြောပလောက်လုနီးပါးဆိုရင်တောင်မှ သူလည်း အရမ်းကောင်းကောင်း မွန်မွန်လုပ်ဆောင်နိုင်ခဲ့သည်။ပြိုင်ပွဲအပြီးတွင် ကောင်မလေးတော်တော်များများက သူ့ကို ရေလာပေးကြသည်။
ဒါကြောင့် သူဟာ လုကျန်းဆီကအကန်ခံခဲ့ရတာနဲ့ ချူယင်းရဲ့အရှေ့မှာ မတော်တဆဒူးထောက်မိသွားတာတို့ရဲ့ စိတ်ပိုင်းဆိုင်ရာအရိပ်ဆိုးကြီးကနေ လုံးဝလွတ်မြောက်အောင် ထွက်လာခဲ့နိုင်သည်။
ချူယင်း သူ့ရဲ့ပြန်လည်ရရှိလာတဲ့ယုံကြည်ချက်ရှိမှုကို ကြည့်ပြီး ဒါက တော်သေးတယ်လို့ ခံစားလိုက်ရသည်။ သူမအနေနဲ့ လူတွေကို PTSD မပေးလိုက်ချင်ပါဘူး။
[PTSD - ထိခိုက်ဒဏ်ရာရပြီးနောက်စိတ်ဖိစီးမှုဝေဒနာ]
“ဘာကိစ္စရှိလို့လဲ”
ကျန့်ယွီကသူမကို နက်နက်ရှိုင်းရှိုင်းကြည့်နေပြီး “ယင် မင်း အဲ့ဒီနေ့ကဘတ်စကတ်ဘောပြိုင်ပွဲကို ကြည့်တုန်းက ဘယ်လိုခံစားခဲ့ရလဲ”
ချူယင်း ကြက်သီးတွေထလာကာ လှည့်ပြေးမိတော့မတတ်ပင်။ ဒါပေမဲ့ သူမ အသက်ပြင်းပြင်းရှုလိုက်ပြီးပြန်ထိန်းထားလိုက်သည်။
“ကျွန်မ ဘာမှသိပ်မခံစားမိခဲ့ပါဘူး”
ကျန့်ယွီက သူမကိုကြည့်ပြီး သူ့ရဲ့လက်ကိုမြှောက်ထားမိတော့မလိုပင်။ သူအနီးနားကိုကပ်လာချင်တဲ့ပုံပေါ်သည်။ ဒါပေမဲ့ နောက်စက္ကန့်ပိုင်းတွင် သူ့ရဲ့လက်ကို သတိရှိစွာနဲ့ ပြန်ရုပ်သိမ်းလိုက်သည်။
ချူယင်း: “ ......”
အရမ်းကောင်းတယ် အနည်းဆုံးတော့ သူ့ခမျာ စိတ်ပိုင်းဆိုင်ရာ အရိပ်ဆိုးလေးနည်းနည်းတော့ကျန်နေသေးရှာတာပဲ။
“ကိုယ်တို့နှစ်ယောက်ကြား တကယ်ပဲ မဖြစ်နိုင်တော့ဘူးလား”
ချူယင်းခေါင်းညိတ်ပြလိုက်ကာ: “ဟုတ်တာပေါ့ လုံးဝကိုမဖြစ်နိုင်ဘူးရယ် ရှင်လည်း တခြားတစ်ယောက်ယောက်သွားရှာလိုက်လို့ရတယ်”
အဲ့ဒါနဲ့ သူအဝေးကို လျှောက်ထွက်သွားလိုက်သည်။
ကျန့်ယွီ အဲ့နေရာမှာပဲ သူတစ်ယောက်တည်းရပ်နေမိသည်။
သူ ဒီတစ်ကြိမ်လာရတာက သူ့မိဘတွေဆီကနေသတင်းစကားတချို့ကြားခဲ့ရတာကြောင့်ပဲ။ ချူမိသားစုက ဩဇာကြီးတဲ့မိသားစုတွေနဲ့ သူတို့ရဲ့မိသားစုစီးပွားရေးကိုပေါင်းစည်းဖို့ရန်အတွက် သူတို့ရဲ့သမီးတွေကို လက်ဆက်ပေးဖို့ရည်ရွယ်ထားတာဖြစ်တယ်။
ချူချိုးချိုးကလည်း ကောင်းတယ်ဆိုပေမဲ့ ချူယင်းက ပိုလှတာသိသာလှသည်။ ချူယင်းသာ အနာဂတ်မှာ တစ်စုံတစ်ယောက်ကို လက်ထပ်ချင်တယ်ဆိုရင် ဘာဖြစ်လို့ သူမက သူ့ကိုလက်မထပ်နိုင်ရတာလဲ။ ချူယင်းအတွက်ဆို သူ့ထက်သာတဲ့လူကိုရှာဖို့က ခက်ခဲလိမ့်မယ်လို့ သူခံစားမိတယ်။
ကျန့်ယွီက စိတ်ထိခိုက်နေလေသည်။ ရုတ်တရက် နူးညံ့ပျော့ပျောင်းတဲ့အသံလေးတစ်သံအနောက်ကနေထွက်ပေါ်လာသည်။
“စီနီယာ?”
သူခေါင်းလှည့်ကြည့်လိုက်တော့ ချူချိုးချိုးက သူ့ကို သမင်မျက်ဝန်းလေးတစ်စုံနဲ့ စိုက်ကြည့်နေရင်း သူ့အနောက်မှာရပ်နေတာကိုမြင်လိုက်ရသည်။
“မမက စီနီယာကို ဒေါသထွက်အောင်လုပ်မိသွားတာလား”
ကျန့်ယွီရဲ့ ချူယင်းကို ခံပြင်းခြင်းက ချူချိုးချိုးကြောင့် ချက်ချင်းစိတ်ကျေနပ်သွားမိခဲ့သည်။ သူ ခေတ်ဆန်ကြော့မော့နေတဲ့အပြုံးလေးတစ်ခုကို လှစ်ဟပြလိုက်ကာ
“ဘာမှတော့ မဟုတ်ပါဘူး စိတ်မပူပါနဲ့”
ချူချိုးချိုးက ပြုံးလိုက်သည်။
“တကယ်လို့ မပျော်ဘူးဆိုရင် စီနီယာ ညီမ စီနီယာနဲ့ လမ်းအတူတူလျှောက်လို့ရမလား ညီမရဲ့မမအတွက် တောင်းပန်တဲ့အနေနဲ့လို့ မှတ်ယူလိုက်ပေါ့”
Straight တစ်ယောက်ဖြစ်တဲ့ ကျန့်ယွီအနေနဲ့ဒီလိုမျိုးဆက်ဆံခံရခြင်းကို အမြဲတမ်းသဘောကျသည်။ သူ ရုတ်တရက် သူ့ကိုယ်သူတွေးလိုက်မိတာက ချူချိုးချိုးက သူ့ကို ဒီလိုသဘောထားနဲ့ဆက်ဆံပေမဲ့ ချူယင်းက ဘာများလုပ်နိုင်လို့လဲ။ သူမက ကျေးလက်ကနေလာတာမို့ သူမက ချူချိုးချိုးနဲ့ ဘယ်လိုလုပ်နှိုင်းယှဉ်နိုင်ပါ့မလဲ။ အနာဂတ်မှာ ချူယင်းက သူ့ကို မရွေးချယ်ခဲ့ခြင်းကို နောင်တရနေပေလိမ့်မည်။
ပြီးတော့ သူ နီးနီးကပ်ကပ်ကြည့်လိုက်တဲ့အခါမှာ ချူချိုးချိုးက ချူယင်းကဲ့သို့ သုံးပုံနှစ်ပုံလောက်တူတယ်။ သူမလေးကလည်း အရမ်းလှတာပဲ။
ကျန့်ယွီ ပြုံးပြလိုက်ကာ
“ကောင်းပါပြီ လမ်းလျှောက်ထွက်ကြရအောင်”
ညနေခင်း ချူမိသားစုရဲ့ နေအိမ်တွင်
ထမင်းစားပွဲ၌ ချူမိဘတွေက အပျော်လွန်ပြီးအားပါးတရပြုံးရွှင်နေကြသည်။ သမီးနှစ်ယောက်ကိုကြည့်လိုက်ရင် တစ်ယောက်က နူးညံ့သိမ်မွေ့ပြီးလိမ္မာရေးခြားရှိကာ နောက်တစ်ယောက်ကတော့ ဉာဏ်ကောင်းပြီးလှပတယ်။ သူတို့တွေက သူတို့ရဲ့စာသင်ကြားရာမှာလည်းတော်ကြတာမို့ သူတို့တအားဂုဏ်ယူရတယ်လို့ ခံစားရသည်။
အဖေချူက ပြောလိုက်သည်။
“ချိုးချိုး ရှောင်ယင် မင်းတို့တွေလည်း အခုဆို အရွယ်ရောက်လာကြပြီ အဖေ ခဏတာသတိမပြုမိလိုက်ဘူးဆိုပေမဲ့ မင်းတို့တွေကတော့ အချိန်ပိုင်းလေးအတွင်း လှလှပပနဲ့ ကြီးပြင်းလာကြတယ်”
ချူချိုးချိုးက အဖေချူစကားကို နာခံစွာအနေနဲ့ခွန်းတုံ့ပြန်ပေးတတ်သည်။
ချူယင်းက တိတ်ဆိတ်နေပြီး သူပြောသွားတဲ့ အဲ့ဒီ “အချိန်ပိုင်းလေး”ဆိုတာက အတော့်ကို ကြာကြာလှပြီ လို့တွေးနေလေသည်။
အဲ့ဒါက ဆယ်နှစ်ကျောက်လောက်ကိုမကတော့ဘူး။
ချူချိုးချိုး သူမရဲ့အပြောင်းအလဲမရှိတဲ့ရုပ်ကို စိုက်ကြည့်မိပြီး တိတ်တိတ်ကလေး ပျော်ရွှင်နေမိသည်။ ချူယင်းလို စရိုက်မျိုးက လက်ထပ်ထိမ်းမြားမှုအတွက် လုံးဝကို မသင့်တော်ဘူး။ ချူယင်း သူမကိုယ်သူမ ရှက်ရွံ့သွားလိမ့်မှာကို စိုးတယ်။
အိမ်ေစတွေကြားက စကားပြောဆိုမှုကို သူမပြန်ကြားသိခဲ့ရပြီး သူမရဲ့မိဘတွေက ချမ်းသာပြီးအင်အားကြီးတဲ့မိသားစုတွေနဲ့ သူတို့ကို လက်ထပ်ပေးဖို့ စီစဉ်နေတယ်ဆိုတာကို သိရှိခဲ့ရသည်။ ချူချိူးချိုးက အသက်၇နှစ်မတိုင်ခင်က သူမရဲ့မိသားစုအခြေအနေက ဘယ်လောက်တောင်မှ တစ်စစီစုတ်ပြတ်ပြီးဆင်းရဲတယ်ဆိုတာကို သတိရမိတာမို့ သူမရဲ့ ရည်မှန်းချက်က လူချမ်းသာမိသားစုတစ်စုမှာ သူမရဲ့နေရာကို ထိန်းသိမ်းထားနိုင်ရန် အမြဲတမ်းအကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ပဲဖြစ်သည်။
လက်ထပ်ထိမ်းမြားခြင်းဆိုတာက မိသားစုတွေရဲ့ ချမ်းသာကြွယ်ဝမှုကို ပေါင်းစည်းဖို့ရာ အကောင်းဆုံးနည်းလမ်းတစ်ခုပဲဖြစ်တယ်။ ဒီနည်းနဲ့ဆိုရင် သူမဟာ ဩဇာကြီးတဲ့မိသားစုရဲ့ဂုဏ်ကျက်သရေနဲ့ချမ်းသာကြွယ်ဝမှုကို ခံစားနိုင်ဦးမှာပဲဖြစ်သည်။
ချူချိုးချိုးက ဖုမင်ရွှမ်းထက် ပိုပြီးလက်တွေ့ကျတယ်။ သူမဟာ လုကျန်းလိုမျိုး အထက်တန်းစားအကျဆံုးအလွှာဖြစ်တဲ့မိသားစုတစ်စုထဲကို မဝင်ဆံ့နိုင်ဘူးဆိုတာ သူမကိုယ်တိုင်သိသည်။ချူမိသားစုထက်ပိုပြီးချမ်းသာတဲ့မိသားစုကလူနဲ့ သူမလက်ထပ်နိုင်သရွေ့ ဘဝမှာ အောင်နိုင်သူတစ်ယောက်ပဲလို့ သူမ မှတ်ယူထားတယ်။ ချူယင်းကတော့ အဲ့တာတွေကိုမသိသလို သူမလွတ်သွားခဲ့တဲ့အခွင့်အရေးတွေကိုတောင် မသိရှာဘူး။
အဖေချူက စားနေရင်း ချူယင်းရဲ့အမူအရာမဲ့တဲ့့မျက်နှာထားကိုကြည့်ကာ သူ မပျော်မရွှင်ဖြစ်လာသည်။
သူတို့ရဲ့ သမီးအရင်းဖြစ်သူက ဒီအိမ်မှာ လတော်တော်ကြာကြာနေပြီးခဲ့ပြီဖြစ်တာတောင် လုံးဝကို ရင့်ကျက်တဲ့လက္ခဏာမရှိဘူး။ သူတို့ကသူမကိုမမေးဘူးဆိုရင် သူမဘက်ကနေ အရင်စပြောလာလိမ့်မှာမဟုတ်ဘူး။သူမက သူမရဲ့အမေကို ဘယ်တုန်းကမှ လက်ပွန်းတီးမနေခဲ့သလို သူမရဲ့အခန်းထဲကနေ အပြင်ကို ဘယ်တော့မှထွက်မလာခဲ့ဘူး။
အနာဂတ်မှာ ဒီလို အကျင့်လက္ခဏာမျိုးနဲ့ လူမှုရေးပွဲတွေကိုပါဝင်ဆင်နွှဲဖို့ ဘယ်လိုလုပ်အရည်အချင်းပြည့်မှီတော့မှာလဲ။ နောက်ဆုံးမှာတော့ သူမဟာ အိမ်ကမပျိုးထောင်ပေးခဲ့ရတာကြောင့် ဒီလို ဖြစ်သွားခဲ့တာပဲ။
အမေချူက ချူယင်းနဲ့ စကားပြောဖို့ရာ စကားလမ်းကြောင်းကြိုးစားပြီးရှာလိုက်သည်။
“ယင်ယင်က ဘိလိယက်ကစားတာ အရမ်းကောင်းတယ်ဆို ဒီလိုဆိုရင် ကောင်းတာပေါ့ ဟို...”
ချူယင်းက သူမရဲ့ပါးစပ်ကိုသုတ်လိုက်ပြီး
“ဟုတ် နည်းနည်းပါးပါးလောက်ပါပဲ”
အဲ့နောက် လေထုက အေးစက်သွားပြန်သည်။
သူမက ဒါကို တမင်သက်သက်လုပ်နေတာမဟုတ်ပေ။ သူမရဲ့အရင်ဘဝမှာ အတော်စိတ်ပျက်ခဲ့ရတာမို့ ဒီဘဝမှာ သူတို့ကို သူမအနေနဲ့ ဘာပြောစရာစကားမျှမရှိတော့တာဖြစ်၏။
အဲ့အပြင် သူမမိဘတွေရဲ့လေသံအရ သူမအရင်ဘဝကအဖြစ်အပျက်ကိုပေါင်းစပ်ကြည့်လိုက်တဲ့အခါ ချူယင်းတစ်ယောက် အဲ့ဒီအကြောင်းအရာကို နားလည်သွားတော့သည်။
သူတို့ အိမ်ထောင်ပြုပေးဖို့အကြောင်း တွေးနေကြပြန်တာပဲဖြစ်ရမယ်။
အရင်တုန်းက ချူမိဘတွေက သူတို့အတွက်အိမ်ထောင်ဘက်ရှာပေးတဲ့အခါတုန်းက သူမအနေနဲ့ ငယ်သေးတုန်းဖြစ်ပြီး အဲ့ဒီလိုပွဲအခမ်းအနားနဲ့ပတ်သက်ပြီးမသိခဲ့ပေ။ဆန့်ကျင်ဘက်အနေနဲ့ ချူချိုးချိုးကတော့ သိသိသာသာကို အတော်လေးရွှင်ပြနေတာပဲဖြစ်တယ်။
ချူယင်းဟာ သူမရဲ့အရင်ဘဝတုန်းက ဒီစေ့စပ်ကြောင်းလမ်းတာကို လုံးဝစိတ်မဝင်စားခဲ့သလို အဲ့ဒီခွေးကောင် လုကျန်းကလည်း သူမကို အဲ့ဒီအကြောင်းစဉ်းစားဖို့ လုံးဝကိုခွင့်မပြုပေ။
ချူမိသားစု တဖြည်းဖြည်းနဲ့ ဒေဝါလီခံလိုက်ရပြီး စေ့စပ်ကြောင်းလမ်းတာကလည်း ကြာကြာမခံလိုက်ဘူး။ ချူချိုးချိုးရဲ့ယုံကြည်မှုပြည့်ဝနေတဲ့သဘောထားကိုကြည့်ပြီးသူမအတော်လေးသနားစရာကောင်းတယ်လို့ခံစားလိုက်ရသည်။
အမေချူရဲ့မျက်နှာက ရှက်ကိုးရှက်ကန်းဖြင့်နီရဲသွားတာကိုမြင်ရတော့ အဖေချူက အေးတိအေးစက်ဖြစ်လာသည်။
“မင်းအမေက မင်းအကြောင်းပိုပြီးသိချင်နေတယ် မင်းက သူ့ကလေးလေ ဘာဖြစ်လို့မင်းစကားကိုနည်းနည်းပဲပြောရတာလဲ”
ချူယင်းဟာ ခုလေးတင်စားလို့ပြီးသွားကာ သူမရဲ့ဇွန်းကို အောက်ချလိုက်ပြီး
“မရည်ရွယ်ပါဘူး အဲ့တာက ငါ့ရဲ့စိတ်အခြေအနေအပေါ်မှာမူတည်နေရုံလောက်ပါပဲ”
အဖေချူကပိုပြီးဒေါသထွက်လာသည်။ ဒါဘာအဓိပ္ပာယ်လဲ။ မင်းမိဘကိုစကားပြောဖို့စိတ်မပါဘူးဆိုတဲ့သဘောလား?!
ချူရှီက သူ့အဖေကိုကြည့်လိုက်ကာ မျက်မှောင်ကြုတ်လိုက်မိပြီးနောက် ချူယင်းရဲ့လက်မောင်းကို ပုတ်လိုက်ပြီး နွေးထွေးလှတဲ့လေသံလေးဖြင့်
“ကိုယ့်အခန်းကိုယ်ပြန်သွားခ်ည်တော့”
ချူယင်း ခေါင်းညိတ်ပြပြီး လှည့်ကာထွက်သွားသည်။
အဖေချူ - “မင်း!––”
ချူချိုးချိုးက သူမအဖေရဲ့မျက်နှာကိုကြည့်ပြီး ပျော်ရွှင်သလိုခံစားလိုက်ရသည်။ သူမ ချက်ချင်းပဲ သူ့ကို ချွေသိမ့်သလိုပြောလိုက်သည်။
“ဖေဖေရယ် ဒေါသထွက်မနေပါနဲ့ မမကဒီလိုဆိုတာ ဖေဖေသိသားနဲ့”
အဖေချူ သက်ပြင်းချလိုက်ကာ “ချိုးချိုးကမှ စဉ်းစားပေးတတ်သေးတယ်”
သူ့ရဲ့သွေးသားအရင်းသမီးရဲ့စိတ်က သိပ်နှစ်လို့ဖွယ်မဖြစ်ဘူးဆိုရင်တောင်မှ သင့်တော်တဲ့အိမ်ထောင်ဖက်ကိုစီစဉ်တဲ့အခါ သူ့အနေနဲ့ ထည့်တွက်ပေးဖို့လိုသေးတယ်။
“ဖေဖေ တချို့ပွဲတွေကို သမီးကိုခေါ်သွားပေးမှာမလို့ သမီးလည်း လူတွေ ပိုပိုပြီး သိကျွမ်းလာလိမ့်မယ်”
“ချိုးချိုးကတော့ အဖေတို့ကို စိတ်ပူအောင်လုပ်မှာမဟုတ်ဘူး ဟုတ်တယ်မလား”
အဖေချူကပြောလိုက်သည်။
ချူချိုးချိူးက ဂုဏ်ပြုညစာစားပွဲရဲ့ ရည်ရွယ်ချက်နဲ့အရေးပါမှုကို သိပြီး ချက်ချင်းအပြုံးလေးတုံ့ပြန်လိုက်သည်။
“ဘယ်လိုလုပ်လုပ်ပါ့မလဲ စိတ်ပူမနေပါနဲ့ မေမေနဲ့ဖေဖေရယ်”
အားကစားပြိုင်ပွဲရက်သတ္တပတ်က နောက်ဆုံးအဆုံးမသတ်ခင်အထိ သီတင်းပတ်ပေါင်းတော်တော်များများကြာခဲ့သည်။
ဒုတိယနှစ် အခန်း၅က အမှတ်စုစုပေါင်းမှာ ဒုတိယနေရာရရှိထားတယ်။ အခန်းထဲက ချန်ပီယံတွေက စုန့်ကျောက်လင်၊ ကျောက်ယွီရှောင်းနဲ့ ချူယင်းတို့ပဲဖြစ်တယ်။ ဒုတိယနေရာအတွက်ရရှိတဲ့ဆုငွေက ယွမ်ငါးသောင်းဖြစ်သည်။ အတန်းခေါင်းဆောင် က နောင်ကျရင် ဒီဆုကြေးငွေကို အတန်းအတွက် အသုံးပြုမည်ဖြစ်ကြောင်း ကြေညာခဲ့တယ်။
ဒုတိယနှစ် နိုင်ငံတကာအတန်းက လုကျန်းဟာ 21 မှတ်ရရှိခဲ့ပြီး တခြားအခန်းတွေရဲ့စုစုပေါင်းရမှတ်ထက်ပိုမြင့်သွားကာ ပထမနေရာမှာရရှိခဲ့သည်။
စုန့်ကျောက်လင်က လုကျန်းရဲ့ ကြီးမြတ်တဲ့အောင်မြင်မှုအကြောင်းကို ချူယင်းအနီးနားမှာ ပြောနေပေမဲ့ ချူယင်းကတော့ အသံတိုးတိုးလေးနဲ့ပြန်ပြောလိုက်တယ်။
“အင်းးး တိရစ္ဆာန်ကောင်တစ်ကောင်လိုပဲ”
စုန့်ကျောက်လင်: “အာ? အစ်မ ဘာကိုပြောနေတာလဲ”
ချူယင်း: “ငါပြောတာက သူက အရမ်းပြင်းထန်တာပဲလို့”
စုန့်ကျောက်လင်: “ဟားဟားဟား ဟုတ်တယ် အစ်ကိုကျန်းက တကယ်ကိုပြင်းထန်လွန်းတယ်”
ချူယင်းက သူ့ရဲ့ဦးနှောက်မရှိဖြူစင်ပြီးချစ်စရာကောင်းတဲ့အသွင်အပြင်ကိုကြည့်ပြီး သူ့ကိုအပြုံးလေးတစ်ခုနဲ့ သတိပေးလိုက်တယ်။
“လင်လင် မုန့်သာအရင်စားပါ သိပ်မကြာခင် နောက်ဆုံးစာမေးပွဲဖြေရတော့မယ်ဆိုတာ မမေ့လိုက်နဲ့ဦး”
စုန့်မိသားစုက သူတို့ရဲ့ကလေးအတွက် မြင့်မားတဲ့ သတ်မှတ်ချက်စံနှုန်းတွေတကယ်ပဲရှိသည်။စုန့်ကျောက်လင်မှာ ထူးချွန်ပြောင်မြောက်လွန်း တဲ့အစ်ကိုတစ်ယောက်ရှိတယ်။ အရင်တစ်ခေါက်လဝက်စာမေးပွဲပြီးတဲ့နောက် သူ့အစ်ကိုကြီးက ရောင်စုံခြယ် လှပနေတဲ့ဖြေလွှာကို မြင်ရလိုက်ပြီးနောက် သူ့ကိုရှင်းရှင်းလင်းလင်းနဲ့ စာရင်း ရှင်းလင်းရေးလုပ်ခဲ့တယ်။
သူ့အစ်ကိုရဲ့အပြစ်ပေးတဲ့ဒဏ်ကနေ အသက်ပြန်လည်ရှင်သန်ပြီးနောက် စုန့်ကျောက်လင် ရက်အနည်းငယ်လောက်တော့ ရိုးရိုးသားသားကြိုးကြိုးစားစားနဲ့စာလုပ်ရှာသေးသည်။ ဒါပေမဲ့ အားကစားပွဲရက်သတ္တပတ်လဲရောက်တာနဲ့ သူ့ရဲ့နှလံုးသားလေးက စိတ်အားထက်သန်မှုတွေနဲ့အတူ လွင့်ထွက်ကုန်တော့သည်။
ချူယင်းသတိပေးတာကိုခံလိုက်ရပြီးနောက် စုန့်ကျောက်လင်တုန်လှုပ်သွားတယ်။သူ့ဖုန်းက calendar ကိုကြည့်လိုက်ပြီး သူ့ကိုယ်သူအားပေးနေသည်။
“အဆင်ပြေပါတယ် အချိန်ရှိသေးတယ်” ဆိုပြီးစုန့်ကျောက်လင်က ပြောလိုက်သည်။
“အဲ့ဒီအပြင် နောက်ဆုံးစာမေးပွဲမတိုင်ခင် ပွဲတော်တစ်ခုတောင်ရှိသေးတာပဲ”
ချူယင်း: “ဘာပွဲလဲ”
“ခရစ်စမတ်လေ” စုန့်ကျောက်လင်အားရပါးရပြောကာ
“ခရစ်စမတ်အကြိုဆို ရိုမန်တစ်သိပ်ဆန်တာ နှစ်တိုင်းကျင်းပတတ်တဲ့ လက်ဆောင်လဲလှယ်တဲ့ activity တောင်ရှိသေး”
ချူယင်းရဲ့မျက်ခုံးက အနည်းငယ်ပင့်သွားလေသည်။ သူမ အနည်းငယ် စိတ်ဓာတ်ပါကျသွားတယ်။
ဟွေးဝမ်မှာ activity တော်တော်များများရှိတယ်။တရုတ်ရိုးရာပွဲတော် ရော နိုင်ငံခြားပွဲတော်ပါ နှစ်ခုစလုံးကိုကျင်းပကြသည်။ ခရစ်စမတ်ပွဲတော်မှာဆို ခရစ်စမတ်သစ်ပင်အကြီးကြီးတစ်ပင်ကို ကျောင်းအဆောက်အဦရဲ့ဟောခန်းမကြီးထဲမှာ ထားရှိသည်။ လူတစ်ဦးစီတိုင်းက သူတို့ရဲ့လက်ဆောင်တွေကို ခရစ်စမတ်သစ်ပင်အောက်မှာထားရှိကြရပြီး အကုန်လုံး အတူတူ ကံစမ်းကြရသည်။
လက်ဆောင်တွေကို ဘူးလေးထဲထည့်ကြတဲ့အပြင် အဲ့အပေါ်မှာ ကိုယ်ပိုင်နာမည်နဲ့ဆုတောင်းပါထားရှိကြရတယ်။တခြားလူရဲ့လက်ဆောင်ကိုလက်ခံရရှိတဲ့လူက တချို့သော ကံကြမ္မာမျိုးအနေနဲ့ သတ်မှတ်ကြလေ့ရှိသည်။
ချူယင်း ဒါကို ဘာဖြစ်လို့မှတ်မိနေရလဲဆိုတဲ့အကြောင်းပြချက်ကတော့ သူမက လုကျန်းနဲ့လက်ဆောင်ခြင်းလဲလှယ်ခဲ့ရတာကြောင့်ပဲဖြစ်တယ်။
သူမရဲ့လက်ဆောင်ဖြစ်တဲ့ ပုလင်းသေးသေးလေးထဲက ဘီစကွတ်လေးတွေက ယွမ်8သိန်းတန် လက်ပတ်နာရီနဲ့လဲလှယ်ခဲ့ရ၏။
ချူယင်း ဘူးကိုဖွင့်ကြည့်ခဲ့စဉ်က တအားအံ့အားသင့်ခဲ့မိပြီး နာရီတောင် လက်က ပြုတ်ကျလုနီးပါးပင်။ အဲ့ဒီအချိန်က ချူယင်အနေနဲ့ လုကျန်းက စိတ်ပိုင်းဆိုင်ရာမှာ ချို့ယွင်းနေတယ်လို့တွေးမိခဲ့သည်။ သူမအနေနဲ့ပြန်ပေးခဲ့တာတောင် အဲ့ကောင်က လက်ပတ်နာရီကိုပြန်တောင်မလိုချင်ခဲ့ဘူး။
စုန့်ကျောက်လင်က အလွန်အကျွံ မျက်တောင်ပေကလက်ပေကလက်လုပ်ပြကာ
“ယင်ကျဲ အစ်မလည်း အဲ့အတွက်ပြင်ဆင်ရမယ်နော် ကျွန်တော်တို့ရဲ့ အထူးစပါရှယ်ကံကြမ္မာနဲ့ဆို ကျွန်တော်တို့အချင်းချင်း တစ်ယောက်ဟာတစ်ယောက် လဲမိတာလည်းဖြစ်နိုင်တာပဲလေ”
ချူယင်း: “…...”
***
စုန့်ကျောက်လင်အဖေရဲ့စိတ်နေသဘောထားနဲ့ပတ်သက်ပြီးစိတ်ပူတာကြောင့် ချူယင်းဟာ သူ့အား စာလေးနည်းနည်းလုပ်ဖို့တိုက်တွန်းခဲ့ရသည်။
ဟွေးဝမ်ရဲ့အားကစားပွဲတော်လည်း အမှန်တကယ်ကိုကောင်းကောင်းမွန်မွန်စီစဉ်ထားခဲ့တာဖြစ်သည်။ အဲ့ဒီအကြောင်းကို ကျောင်းသားတွေက နေ့တိုင်း ဆွေးနွေးနေခဲ့ကြပြီး စာလုပ်ရမဲ့ရည်ရွယ်ချက်တွေမေ့မေ့ပျောက်ပျောက်ဖြစ်ကုန်ကြသည်။
ဒီနေ့တွင် ဆရာတွေက အစည်းအဝေးပွဲတစ်ခုကျင်းပလိုက်ကြသည်။ သူတို့တွေ အတန်းရဲ့ထိပ်ဆုံးကျောင်းသားသုံးယောက်ကို သူတို့ရဲ့သင်ယူမှုကိုယ်ပိုင်အတွေ့အကြုံကို ဆွေးနွေးဟောပြောခွင့်ပြုရန်ဆုံးဖြတ်လိုက်ကြသည်။ ဒါက ကျောင်းမှာ ပညာရေးအငွေ့အသက်ပြန်လည်သက်ဝင်လာစေလိမ့်မယ်လို့သူတို့ယုံကြည်ကြသည်။
ဖုမင်ရွှမ်းက အဲ့သတင်းကြောင့် ဒေါသထွက်ခဲ့ရတယ်။ သူမက အတန်းမှာ အဆင့်လေးမို့ပဲ ကပ်သီးလေးကို!
ချူယင်းသာ မပါဘူးဆိုရင် သူမကအတန်းအတွက် ပြောရမဲ့လူတစ်ယောက်ဖြစ်နေလိမ့်မှာ
ချူယင်းက မကျေမနပ်ဖြစ်နေတဲ့ ဖုမင်ရွှမ်းကိုစိုက်ကြည့်လိုက်သည်။ သူမဘက်ကနေသူ့ကို ရှားရှားပါးပါး စကားအရင်စပြောလိုက်တယ်။
“နင်ငါ့အစားသွားမယ်ဆိုရင်ရော ဘယ်လိုလဲ”
ဖုမင်ရွှမ်း မျက်လုံးပြူးသွားပြီး
“နင်ငါ့ကိုရန်လာစနေတာလား”
“……”
ချူယင်းပြောလိုက်သည်။
“အဲ့တော့လည်း ထားလိုက်ပါတော့ ”
သူမက တကယ်ကိုမသွားချင်တာ။ ဒီပို့ချမှုအတွက် သူမဟာ နိုင်ငံတကာအတန်းဆီကိုသွားရတော့မှာပဲဖြစ်သည်။
ချူယင်း နိုင်ငံတကာအတန်း ကိုသွားတာရှောင်ဖို့အတွက် အကြောင်းပြချက်တစ်ခုစဉ်းစားနေတုန်းပဲ အတန်းပိုင်ဆရာမက အပြေးရောက်ချလာပြီး သူမရဲ့ပခံုးကို ဖိကာ
“သွားကြစို့ အခန်း၁ ဆရာမက ကျောင်းသားတွေထိုင်ဖို့နေရာပြင်ဆင်ပြီးသွားပြီ သူတို့ကမင်းတို့ကစောင့်နေကြတာ”
“……”
ချူယင်းနှစ်စက္ကန့်စာတိတ်ဆိတ်သွားလေသည်။
“ဟုတ်ကဲ့ ဆရာမ”
ဒုတိယနဲ့တတိယကျောင်းသားက တခြားအခန်းကဖြစ်ပြီး ယောက်ျားလေးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်ဖြစ်သည်။ သူတို့ကတစ်ယောက်နဲ့တစ်ယောက် စကားသိပ်မပြောဖြစ်ကြဘဲ အခန်း၁ကိုသာ တိုက်ရိုက်သွားလိုက်ကြသည်။
တတိယနေရာရရှိခဲ့တဲ့ကောင်မလေးက ချူယင်းကို မသိမသာခိုးကြည့်နေလေသည်။ ချူယင်းက သူမ ကြည့်နေတာမိသွားတဲ့အခါ သူမရဲ့အကြည့်ကိုအလျင်အမြန်ပြန်ရုပ်သိမ်းလိုက်ပြီး သူမရဲ့မျက်နှာဟာ အနည်းငယ်နီရဲသွားလေသည်။
သူမတွေးနေတာက
တစ်စုံတစ်ယောက်ဟာ ဘယ်လိုလုပ် တချိန်တည်းမှာပဲ ထက်မြက်နေသလို လှပတဲ့သူဖြစ်နေနိုင်ရတာလဲ။
နီးနီးလေးကပ်ကြည့်တာက အဝေးကလှမ်းကြည့်ရတာထက်တောင်ပိုပြီးတောင်ကြည့်လို့ကောင်းသေး။
သူတို့ အခန်း၁ရဲ့စာသင်ခန်းထဲကို ဝင်လာတဲ့အခါ ကျောင်းသားတွေကနေရာယူထားပြီးသားဖြစ်သည်။ သူတို့ပေါ်ပေါ်လာချင်းပဲ သူတို့က လက်ခုပ်ထောမနာသံတွေချက်ချင်းပဲထွက်ပေါ်လာသည်။
သူတို့အများစုက ချူယင်းကိုကြည့်နေကြသည်။ သူတို့ရဲ့အမူအရာက တတိယနေရာရရှိတဲ့ကောင်မလေးနဲ့အတူတူလောက်ပင်ဖြစ်သည်။
“ဘုရားရေ သူသာငါ့ရှေ့မှာ သုတ္တန်ဓမ္မသီချင်းလာအော်ဆိုနေမယ်ဆိုရင်တောင်မှ ငါနားထောင်ပေးနိုင်လောက်မယ်ထင်တယ်”
“ငါရောပဲ သူငါ့ကို ငါးသေတစ်ကောင်လို ထပ်တလဲလဲထုလို့ရတယ်”
ချူယင်း တည်ငြိမ်နေမိသည်။သူမရဲ့စာလေ့လာတဲ့အချိန်စာရင်းနဲ့ အလေ့အထတွေကို ဆွေးနွေးပြီးနောက် ဒုတိယနဲ့ တတိယအတွက် နေရာဖယ်ပေးလိုက်သည်။
…
အတန်းပြီးဖို့ အချိန်ကကျန်နေသေးပေမဲ့ လုကျန်းက ဖုန်းသုံးနေရင်းသူ့ထိုင်ခုံကနေ တခါတည်းတန်းထလိုက်သည်။
ထန်ခယ့် လှမ်းကြည့်တော့ သူထွက်သွားဖို့ပြင်နေတာကိုမြင်လိုက်ရသည်။
“တခုခုဖြစ်လို့လား ကျန်းကော ”
“အေး”
လုကျန်း စာသင်ခန်းကထွက်ရုံပဲရှိသေး မနီးမဝေးလောက်မှာ ချူယင်းက ကောင်လေးတစ်ယောက်နဲ့ လမ်းလျှောက်လာတာကို သူရုတ်တရက်မြင်လိုက်ရတယ်။
အနှီကောင်လေးက အရပ်မရှည်ဘူး။ သူ့ရဲ့မျက်မှန်ကလည်းအထူကြီးဖြစ်ပြီး စာဂျပိုးရုပ်ပေါက်နေသည်။
ချူယင်းက သူမရဲ့ခေါင်းကို လှည့်ကာ သူ့အားတခုခုပြောလိုက်သည်။ ကောင်လေးက ချက်ချင်းပဲခေါင်းညိတ်ပြလေတယ်။
လုကျန်းရဲ့မျက်လုံးတွေက နည်းနည်းတော့မှိန်ကျသွားသည်။
ဖော်ပြလို့မရတဲ့သည်းမခံနိုင်မှုတစ်ခုက သူ့ရဲ့နှလုံးသားကိုချည်ကြိုးတစ်ခုလို လာရောက်ရစ်ပတ်နေသလိုမျိုး သူ့ရဲ့လက်ချောင်းတွေကလည်းတင်းတင်းဆုပ်နေမိသည်။ သူအဲ့နားမှာရပ်ပြီး တဖြည်းဖြည်းနီးကပ်လာတဲ့ သူမကိုစိုက်ကြည့်နေမိတယ်။
သူဘာလုပ်သင့်လဲ။ ပုန်းလိုက်သင့်လား ဒါမှမဟုတ် သူအဲ့တာကိုမမြင်ချင်ယောင်ဆောင်လိုက်သင့်လား။
လုကျန်း အခန်းထဲပြန်မဝင်ခင် သူမကိုလှမ်းကြည့်လိုက်သည်။
သူတို့အတွက် နိုင်ငံတကာအတန်းက နောက်ဆုံးပို့ချရမဲ့အတန်းဖြစ်တယ်။ ချူယင်း အဲ့ကို ဆက်မသွားခင် အခန်း၅ကိုပြန်ပြီး ရေတစ်ခွက်ဝင်သောက်လိုက်သည်။
[T/N: ကိုယ့်အထင်ချူယင်းကဟိုကောင်လေးကိုရေဝင်သောက်ချင်လို့လှည့်ပြောတာနေမယ် ကိုကိုက ရှာကြံပြီးအထင်လွဲနေတာ🤣]
အတန်းတိုင်းရဲ့ လေထုက အတော်လေးကောင်းတယ်။ ဘယ်သူကမှပြဿနာမရှာကြဘူး။ ဒါပေမဲ့ ချူယင်းအနေနဲ့ နောက်ဆုံးတန်းက အဓိကအချက်ပဲဆိုတာ သိတယ်။ နောက်ဆုံးတော့ ဒီအတန်းထဲလူတော်တော်များများက ဇာတ်ညွှန်းထဲမှာ နာမည်ရော မျိုးရိုးနာမည်ပါရှိကြတယ်။
နိုင်ငံတကာအတန်းကိုဝင်လိုက်တဲ့အခါ ချူယင်း ပတ်ပတ်လည် ဝေ့ဝိုက်ကြည့်လိုက်တော့ လုကျန်းရှိမနေတာကို မြင်လိုက်ရတယ်။ သူမ ရုတ်တရက် ပျော်ရွှင်လာသည်။
ကံကောင်းလိုက်တာနော် ခွေးကောင်က စောစောထွက်သွားပြီ။
သူမလည်းအောင်ပွဲခံမလို့ရှိတုန်း ရင်းနှီးတဲ့ပုံရိပ်က အခန်းအပြင်ကနေ ဝင်လာသည်။
ချူယင်း: “…...” ကောင်းတယ်
ထန်ခယ့်က အံ့အားသင့်ကာ မေးလိုက်မိသည်။
“အစ်ကိုပြန်လာတာလား”
လုကျန်းက ထိုင်ချလိုက်ကာ စင်ပေါ်ကိုလှမ်းကြည့်လိုက်တယ်။
“အရေးကြီးတဲ့အရာပေါ်လာလို့လေ”
သူမက ဒီကို ဟောပြောပို့ချဖို့ရောက်လာတာထင်ရှားတယ်။
လျန်ယွဲ့ချီက သူမခေါင်းကိုမသိမသာ အနောက်ကိုလှည့်ကြည့်လိုက်တော့ လုကျန်းရဲ့အမူအရာကိုစောင့်ကြည့် လေ့လာနေတယ်။ သူက ပျော်တဲ့ပုံမပေါက်သလို သူ့အမူအရာကခါတိုင်းလိုအနည်းငယ်အေးတိအေးစက်ဖြစ်နေသည်။ ဒီရှာဖွေတွေ့ရှိမှုက သူမကို ဘယ်လိုပျော်လို့ပျော်စေမှန်းမသိပေ။
ချူချိုးချိုးက တတိယမြောက်အတန်းရဲ့အလယ်မှာထိုင်နေသည်။ ချူယင်းဝင်လာတာကိုမြင်တော့ သူမအတော်လေးစိတ်ပျက်သွားသည်။
ကျောင်းက စဉ်းစားတဲ့ ဒီအကြံက ဆိုးဝါးလွန်းတယ်။ အဲ့ဒီကိုယ်စားလှယ်တွေက အတန်းထဲမှာ ဘာအကြောင်းတွေပြောကြမှာမို့လို့လဲ။
ချူယင်းက စာလေ့လာတဲ့နေရာမှာ အရူးတစ်ယောက်လိုမဟုတ်လား။ သူမက စာလုပ်ဖို့ပဲ တချိန်လုံး သူမရဲ့ထိုင်ခုံမှာထိုင်ပဲထိုင်နေတယ်လို့ ဖုမင်ရွှမ်းက ပြောတယ်။ လူတိုင်း အဲ့ဒီစာလေ့လာတဲ့နည်းလမ်းအတိုင်းလိုက်လုပ်မယ်ဆိုရင် အရူးတွေတောင်မှ အမှတ်ကောင်းကောင်းရလာလိမ့်မှာပဲလေ။
ချူယင်း သူ့ရဲ့ညီမအတုလေးကိုလှမ်းကြည့်ပြီးတွေးလိုက်တယ်။ ‘နင်ငါ့ကိုလာမရှုပ်ရင် ငါနင့်ကို နှောင့်ယှက်လိမ့်မှာမဟုတ်ဘူး။’
ဒါကြောင့် ငါတို့တွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ချစ်ချစ်ခင်ခင်နေကြရမယ်လေ။
ဒါမဲ့ သူမစကားစပြောပြီးသိပ်မကြာလိုက်ခင်မှာပဲ ပထမမေးခွန်းရောက်လာသည်။
ချူချိုးချိုးက အပြုံးလေးနဲ့မေးလိုက်သည်။
“မမ နင်စီစဉ်ထားတဲ့အချိန်တွေက တအားပြင်းထန်လွန်းမနေဘူးလား ညီမလေးတို့တွေမှာ ကိုယ်ပိုင်အချိန်ခွဲဝေတဲ့အလေ့အထကရှိပြီးသားလေ ရလဒ်တူတာရရှိဖို့ ညီမလေးတို့အနေနဲ့ အဲ့လောက်ကြီး တင်းကျပ်ပြီးတိကျနေစရာမလိုပါဘူး”
ချူယင်းက အမူအရာမဲ့စွာနဲ့
“အင်း အဲ့လိုလည်း ကောင်းတာပါပဲ”
သူမရဲ့ လေ့လာတဲ့အချိန်ဇယားအကြောင်းဆက်ပြောပြပြီးနောက် အတန်းထဲမှာ ဘယ်အချိန်မဆို မှတ်စုလိုက်ရေးတာတို့ ၊အတန်းပြီးတဲ့နောက်မှာရောဆရာမတွေကိုစာလိုက်မေးတာနဲ့ အချိန်မှီ မှတ်စုကို ခွဲထုတ်ပြီး ပြန်လည်လေ့လာတာမျိုးစတဲ့ လေ့လာတဲ့အလေ့အကျင့်အကြောင်းစပြောလိုက်သည်။
အဲ့တာတွေကအားလုံးက သမရိုးနည်းကျတွေဖြစ်ပေမဲ့လည်း တချို့လူတစ်စုကတော့ အဲ့တာတွေကို ဝေဖန်လာတယ်။
ချူချိုးချိုးက ထပ်မေးလာပြန်သည်။
“မမ ညီမလေး တအားအများကြီးမေးလို့ အပြစ်တော့မတင်ပါနဲ့နော် မမပြောသွားတာတွေက အရမ်းကို အသုံးများလွန်းတဲ့နည်းလမ်းကြီးတစ်ခုဖြစ်နေပုံပေါ်တယ် ညီမလေး မေးချင်တာက အနုပညာဘာသာရပ်တွဲကျောင်းသားတစ်ယောက်အနေနဲ့ သင်ကြားရေးအချက်အလက်တွေကို ခေါင်းထဲစွဲနေအောင်ဘယ်လိုလုပ်ရမလဲ”
လုကျန်း မျက်မှောင်ကြုတ်ကာ တခြားတစ်ဖက်ကိုလှမ်းကြည့်လိုက်တယ်။
ချူချိုးချိုးရဲ့ အသံ နဲ့လေသံအနေအထားက သူမကို အနှောင့်အယှက်တအားဖြစ်စေတယ်။ ချူယင်းကတော့ သူ့ရဲ့ပါးစပ်ကိုတစ်ခုခုနဲ့သာစို့ထားလိုက်ချင်တော့သည်။
နေသာနေတာ မိုးရွာနေတာမဟုတ်ဘူး။ရာသီဥတုက သာယာနေတယ်။ နင်က ဒါကိုဘာလို့ထပ်လုပ်ချင်နေရတာလဲ။
အရင်တစ်ခေါက်မြွေကက နင့်ကို မှတ်သွားဖို့မလုံလောက်သေးဘူးလား ဟမ်။
ဒါပေမဲ့ ဒီလောက်လူတွေအများကြီးရှေ့မှာ ချူယင်းအနေနဲ့ သူမမှာရွှေလက်ချောင်းပိုင်ဆိုင်ထားတယ်ဆိုတာ ပြောပြလိမ့်မှာမဟုတ်ဘူး။ သူမ ခဏလောက်တွေးကာပြောလိုက်သည်။
“နင့်ရဲ့ဦးနှောက်စွမ်းဆောင်ရည်အရရှာဖွေပြီး Ebbinghaus ရဲ့ မှတ်ယူနိုင်စွမ်းအသွယ်သွယ် ကို မှီငြမ်းနိုင်တယ်”
အဲ့အသံထွက်လာသည်နဲ့တပြိုင်နက် ချူချိုးချိုးက စိတ်အားထက်သန်တဲ့အမူအရာထပ်ပြလာသည်။
ချူယင်း ဒီတစ်ခေါက် သူမရဲ့ရည်ရွယ်ချက်ကို မြင်လိုက်ရပြီး system ပေါ်ကို တခါတည်းတန်းခေါက်လိုက်ကာ “ ဇာတ်ညွှန်းဖွင့်လိုက်တော့”
【တည်နေရာ– နိုင်ငံတကာအတန်း။ ဇာတ်ကောင်များ– ချူယင်း၊ချူချိုးချိုး၊လုကျန်း စသည်ဖြင့်】
【ချူယင်းရဲ့ပို့ချချက်ပြီးတဲ့နောက်မှာ ချူချိုးချိုးက ယုံကြည်ချက်ရှိတဲ့အပြုံးလေးနဲ့ပြောလာသည်။
“မမ အဲ့တာမဟုတ်သေးဘူးလေ”
အဲ့နောက် ချူချိုးချိုးက မိန့်ခွန်းအရှည်ကြီး ထုတ်လွှတ်လာတော့သည်။ သူမက ချူယင်းကို သိပ္ပံနည်းလမ်းကျအခြေခံပြီးငြင်းဆိုကာ သူမရဲ့အသိပညာ၊စေ့စပ်မှုနဲ့အရည်အချင်းတို့ကို သက်သေသာဓကတို့နဲ့ လုံးလုံးလျားလျားသရုပ်ဖော်ပြောဆိုလိုက်ပြီး လက်ခုပ်သံအကျယ်ကြီးကိုရရှိခဲ့သည်။】
ကောင်းပြီ နင်က သိပ်ကိုဆွေးနွေးချင်နေတယ်ပေါ့လေ။
ချူယင်း အလင်းချောင်း မင်တံကို ရွှေ့လိုက်ကာ သူမရဲ့ [မိန့်ခွန်းအရှည်] ဆိုတဲ့နေရာကို ဖျက်လိုက်ကာ [ တိတ်ဆိတ်နေမှု] ဆိုပြီးပြောင်းလိုက်သည်။
ငါ နင့်ကိုစကားပြောခွင့်ပေးမှာမဟုတ်ဘူး။
ပရိသတ်ကြားထဲ ချူချိုးချိုးက သူမခေါင်းလေးကို ယမ်းပြရင်း ယုံကြည်ချက်ရှိစွာပြုံးပြလာလေသည်။
“မမ အဲ့တာကတော့ မဟုတ်သေးဘူးလေ”
ချူယင်းက သူမပြောပြလာမှာကိုနားထောင်ဖို့စိတ်အားတွေထက်သန်နေတဲ့အမူအရာကို ပြလိုက်တယ်။
တစ်တန်းလုံးကလည်း ချူချိုးချိုးရဲ့စကားကြောင့် ဆွဲဆောင်ခံလိုက်ရပြီး သူမပြောလာမှာကိုစောင့်နေကြတယ်။
တစ်စက္ကန့်ကြာတဲ့အထိ သူမက စကားအစချီပြောမလာပေ။
တစ်မိနဈစ်ကြာသွားတော့လည်း သူမက ပြောမလာသေးပြန်ဘူး။
ချူချိုးချိုးက ပြုံးပြုံးကြီးနဲ့ ဘာမှကိုပြောမလာတာ။
တစ်ခန်းလုံးလည်း ထူးဆန်းသလိုတိတ်ဆိတ်ငြိမ်ကျသွားလေသည်။
——ဒါဆို ဘာက မှားနေလို့လဲ??
——နင်ကမပြောတော့ဘူးလား??
ချူချိုးချိုး - ငါလည်းစကားပြောချင်တာပေါ့!!!
ဘာလို့? ဘာလို့ ငါ့ပါးစပ်က စကားနားမထောင်ရတာတုန်း
သူမ ပါးစပ်ဖွင့်ပြောဖို့ အစွမ်းကုန်ကိုကြိုးစားနေရတယ်။ သူမ အီးထွက်မတတ် သူမရဲ့အင်အားတွေ အကုန်လုံးသုံးနေခဲ့တယ်။သို့သော် မရချေ။
အချိန်အတော်အတန်ကြာ တိတ်ဆိတ်နေပြီးတဲ့နောက်...
စင်မြင့်ထက်က ချူယင်းက လက်ခုပ်ထတီးကာ
“ချီးကျူးစရာကောင်းလောက်တဲ့ စကားပါလား”
Thanks for READING 🩵
*******
YOU ARE READING
ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』
Teen Fiction《 𝖲𝗍𝖺𝗍𝗎𝗌: 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 》 𝖬𝗒𝖺𝗇𝗆𝖺𝗋 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 ❛偏执男主白月光我不当了❜. 𝖮𝗋𝗂𝗀𝗂𝗇𝗂𝖺𝗅 𝖺𝗎𝗍𝗁𝗈𝗋: 赵史觉 𝖤𝗇𝗀𝗅𝗂𝗌𝗁 𝗍𝗂𝗍𝗅𝖾: 𝖨 𝖺𝗆 𝗇𝗈𝗍 𝖿𝗂𝗍 𝗍𝗈 𝖻𝖾 𝗍𝗁𝖾 𝖬𝖺𝗅𝖾 𝖫𝖾𝖺𝖽'𝗌 𝖥𝗂𝗋𝗌𝗍 𝖫𝗈𝗏𝖾 𝖲𝗍𝖺𝗍�...