《32》

4.5K 645 32
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

Chapter 32 –  မသမာနည်းသုံးတာ?
သွားစမ်းပါ!

အဖေချန်က စိုးရိမ်ဖွယ်ကောင်းတဲ့ပုံပေါက်နေသည်။

ဒါက လုမိသားစုက သခင်ငယ်လေး လုကျန်းလေ!!!

သူ့သားဖြစ်သူဆီက  အော်ဟစ်ခံရတာ အဆင်ပြေပေမဲ့ လုကျန်းကိုမအော်ဖို့တော့ သူတားရမှာပဲ!!!

အဖေချန်ကအလောတကြီးပြောလိုက်သည်။

“ဒါက... သခင်လေးလု...ရွှမ်းယွမ် သူက..”

“ငါက ဘင်ခရာသမားမဟုတ်ဘူးကွ” ချန်ရွှမ်းယွမ်က အော်ဟစ်လာသည်။

အဖေချန်က သူ့ကိုဆဲဆိုလွှတ်မိတော့တယ်။
မင်းမေ ‌ေ-ာက်ပါးစပ်ကိုပိတ်ထားလိုက်တော့ဟ!

သူဟာ လုကျန်းဆီကနေ ထွက်သွားစမ်းလို့ အပြောခံလိုက်ရတဲ့အခါ ရှက်ရွံ့မိသလိုခံစားရသည်။ လုမိသားစုက သူတို့မိသားစုယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့ဟာမျိုးမဟုတ်ဘူးဆိုတာကို  ချန်ရွှမ်း‌ယွမ်သိတယ်။

သူ  အေးအေးဆေးဆေးလေးပဲပြောခဲ့တာပါ။ အရမ်းကိုတည်တည်ငြိမ်ငြိမ်လေးနဲ့ပေါ့! ဒါပေမဲ့ သူ့ပါးစပ်က အော်ဟစ်တာကို မရပ်နိုင်ဘူး!! သူ့ခန္ဓာကိုယ်မှာ တွန်းအားကြီးကြီးတစ်ခုမျိုးရှိနေသလိုပဲ!!

ဒါက သူ့လို ကျက်သရေပြည့်စုံပြီး တည်ငြိမ် မြင့်မြတ်တဲ့ ယောက်ျားတစ်ယောက်အတွက်ကတော့ ကြီးမားတဲ့ရိုက်ခတ်မှုအကျပ်အတည်းတစ်ခုပဲ!!

“ဘုရားရေ  အဲ့တာ ချန်မိသားစုရဲ့သားမလား..”

“သူ့ကြည့်ရတာ ပုံမှန်မဟုတ်တဲ့ပုံပဲနော်”

လုကျန်း ချန်ရွှမ်းယွမ်ကို မျက်နှာသေနဲ့ကြည့်လိုက်တယ်။

အစက သူ့စိတ်ထဲမှာ ဒေါသအကြီးအကျယ်ထွက်နေသလိုခံစားခဲ့ရပေမဲ့ ချူယင်းက သိသိသာသာ  အနောက်ပြန်ဆုတ်သွားတာကို သူမြင်လိုက်ရတဲ့အခါ  ဒီလူနဲ့ ဆက်ဆံရေးတစ်ခုခုမျိုးရှိနေမှာကို ကြောက်နေခဲ့မိတဲ့ သူ့ရဲ့တုန်လှုပ်မှုက လွင့်ပြယ်သွားလေသည်။

ကောင်းကောင်းပုန်းနေနော်။ ဝေးဝေးရောက်လေပိုကောင်းလေပဲ။

အဖေချန်က လုကျန်းကို အထိတ်တလန့်ပြောလာတယ်။ “သခင်လေးလု ကျွန်တော် တကယ်တောင်းပန်ပါတယ်ဗျာ ရွှမ်းယွမ်က အဲ့လို မရည်ရွယ်ပါဘူး”

အဲ့ဒီအချိန်မှာ နောက်ဆုံးတွင်  ချန်ရွှမ်းယွမ်ဟာ  ချက်ချာပါးနပ်စွာနေဖို့ သဘောပေါက်သွားတော့သည်။ သူ့ပါးစပ်လေးကိုပိတ်ထားက သူ့ကိုယ်သူ တည်ငြိမ်အောင်ကြိုးစားလိုက်တယ်။

ဒါပေမဲ့ အဖေချန်ကတော့ သူ့စိတ်ဝိဉာဉ်ကို နားလည်မပေးနိုင်ရှာချေ။ သူဟာ သူ့သားကို ဆူငေါက်လိုက်ကာ

“သခင်လေးလုကို သွားတောင်းပန်စမ်း”

ချန်ရွှမ်းယွမ် မသိလိုက်မသိဘာသာရှေ့နောက်မစဉ်းစားဘဲပြောချမိလိုက်တယ်။

“တောင်းပန်ပါတယ်”

သူက ကောင်းကောင်းကန်းကန်းလေးတောင်းပန်စကားဆိုချင်ပေမဲ့ သူ့ပါးစပ်ဖွင့်လိုက်တာနဲ့ အော်မိတော့တာပဲ!!

အဖေချန် : “…...”

လုကျန်း : “…...”

မိနစ်အနည်းငယ်ကြာပြီးနောက် ချန်မိသားစုနဲ့ သူ့သားဟာ   ပွဲခန်းမကနေ ထွက်ခွာသွားကြတယ်။

သူတို့ ဝေးဝေး ရောက်သွားတာတောင်မှခန်းမထဲကလူတွေကတော့  ချန်ရွှမ်းယွမ်ရဲ့ စိတ်ပျက်လက်ပျက်အော်ဟစ်သံတွေကို ကြားနေရတုန်းပင်။

“ကျွန်တော့်အသံကို ကျွန်တော် မထိန်းနိုင်ဘူးဖြစ်နေတာ!!”

ပါတီပွဲကြီးရဲ့ လေထုကလည်း ခဏတာ ကိုးရိုးကားရားဖြစ်နေခဲ့တယ်။

“ရူးနေတာများလား..”

“သေချာပေါက်စိတ်ပိုင်းဆိုင်ရာပြဿနာပဲဖြစ်မှာ ဒါနဲ့ ချူမိသားစုကရော ချန်မိသားစုနဲ့ လက်ထပ်ဦးမှာလား”

“ချူမိသားစုရဲ့ သမီးအတွက်ကတော့ စိတ်မကောင်းစရာပဲနော်”

အရှက်ရတာ ချန်မိသားစုတင်မဟုတ်ဘ‌ဲ အဖေချူရောအပါအဝင်ဖြစ်တယ်။ လူတော်တော်များများက ချန်မိသားစုနဲ့  လက်ထပ်ပေးဖို့ သူတို့စီစဉ်နေတဲ့အကြောင်းကိုသိကြတယ်။

အဖေချူဟာ သက်ပြင်းမချဘဲမနေနိုင်တော့ပေ။ အရင်တစ်ခေါက်အိမ်မှာ ချန်ရွှမ်းယွမ်ရဲ့ အပြုအမူနဲ့ပေါင်းစပ်ကြည့်လိုက်တော့ ချန်မိသားစုရဲ့သားက တကယ်ကြီး နေမကောင်းဖြစ်နေတာဖြစ်ရမယ်...

ဒါပေမဲ့ သူနေမကောင်းဘူးဆိုရင်  သူ့အနေနဲ့ မိသားစုနှစ်စုကြားက လက်ထပ်ပွဲကို လက်လျှော့ပစ်လိုက်သင့်လား? ရောဂါက ကုသလို့ရနိုင်ပေမဲ့ စီးပွားရေးမိတ်ဖက်တာက စောင့်နေပေးလို့မရဘူးလေ။

အဖေချူဟာ ဆုပ်လည်းစူး စားလည်းရူးအခြေအနေနဲ့ အကျပ်ရိုက်နေတုန်း ချူချိုးချိုးက ရုတ်တရက် ရောက်လာကာ

“ဖေဖေ သမီးဂရုမစိုက်ပါဘူး”

ခုနက ချူချိုးချိုးအနေနဲ့လည်း ရှော့ရသွားသော်လည်း ဒါက သူမရဲ့အခွင့်အရေးဆိုတာကို သဘောပေါက်လိုက်တယ်။ ဒီအချိန်မှာ  ဘယ်သူမဆို အခွင့်ကောင်းကို လက်မလွှတ်စတမ်းအသုံးချလာနိုင်တယ်လေ!

သူမက ဉာဏ်ရှိရှိပြောလာတယ်။

“မိသားစုကို ကူညီပေးနိုင်သရွေ့ သမီး ကိုကိုရွှမ်းယွမ်ရဲ့ ပြဿနာသေးသေးလေးလောက်ကို သည်းခံဖို့ ဆန္ဒရှိပါတယ်”

သူမဒီလိုပြောလာတာကိုကြားလိုက်ရတော့ အဖေချူက လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။ “ချုိးချိုး”

ဒါ သူ ပျိုးထောင်လာခဲ့တဲ့ သမီးက မျှော်လင့်ထားတဲ့အတိုင်းပါပဲလား။ အရမ်း  သိတတ်လိမ္မာတယ်! ချူယင်းနဲ့ယှဉ်မယ်ဆိုရင် ချူချိုးချိုးက ဒီနေရာအတွက် တကယ်ပဲပိုသင့်တော်တယ်!

တစ်ဖက်က ချူယင်းကလည်း သူတို့ရဲ့စကားဝိုင်းကို တိတ်တိတ်ကလေး နားထောင်နေခဲ့ပြီး သူ့စိတ်ထဲက အစိုင်အခဲကြီးတစ်ခု ကျသွားတော့တယ်။

——ကျေးဇူးကမ္ဘာပါ  ရွှမ်းယွမ်အတွက် နင့်ဘာသာနင်အနစ်နာခံပေးလိုက်တဲ့အတွက်! ဒီညီမအတုလေးက တကယ်ပဲအကြမ်းခံနိုင်တဲ့ ဇာတ်ကောင်ပါလား!  [လက်သီးဆုပ်]

ဘယ်လိုပဲဖြစ်ဖြစ်ပါ ချူချိုးချိုးက နောက်ဆုံးမှာတော့ ချန်မိသားစုနဲ့ လက်ထပ်ဖြစ်မှာမဟုတ်ပါဘူး။ ချူမိသားစု ဒေဝါလီခံလိုက်ရပြီးနောက် နှစ်ဦးနှစ်ဖက် လက်ဆက်မှုကလည်း ပျက်ပြယ်သွားခဲ့တယ်။ ချူချိုးချိုးက ချူမိသားစုရဲ့ အကြွေးတွေကိုဆပ်ရမှာကြောက်ပြီး ‌သူမနဲ့ လူမှုအသိုင်းအဝိုင်းမှာ မိတ်ဆွေအနေနဲ့ နှစ်တွေအများကြီး ရင်းနှီးခင်မင်လာတဲ့ လူချမ်းသာကောင်လေး တစ်ယောက်ဘက်ကို ချက်ချင်းလှည့်သွားခဲ့၏။

ဒီရှုထောင့်ကနေကြည့်မယ်ဆိုရင် ချူချိုးချိုးက သူမရဲ့မိဘတွေထက် အမြင်ပိုကျယ်တယ်။

သူမ မှတ်မိတာ မှန်မယ်ဆိုရင် ချူချိုးချိုးက လူချမ်းသာ မိသားစုတစ်ခုနဲ့လက်ထပ်ပြီးကလေးနှစ်ယောက်ရသွားခဲ့တယ်။အဲ့အချိန်တုန်းက လုကျန်း သူမကို  အဲ့အချက်သုံးပြီး လှုံ့ဆော်ခဲ့သော်လည်း ချူယင်းရဲ့စိတ်အခြေအနေကလုံးဝ ပြောင်းလဲမှုမျိုးမရှိပေ။

[T/N: ဒီနားကိုဖတ်တော့ ကိုယ် ထင်မိတာပေါ့နော့် အရင်ဘဝက ချူချိုးချိုး ကလေးရသွားတော့ လုကျန်းကလည်း သူလိုချင်လို့ ဘာညာ‌ဆိုပြီးချူယင်းကိုပြောပေမဲ့ ချူယင်းဘက်က တုပ်တုပ်မှမလှုပ်ဘူးလို့ပြောတာထင်တာပဲ]

အတိတ်ကိုပြန်သတိရနေရင်း ချူယင်းဟာ ခွေးကောင် လုကျန်း ဒီနေ့ဒီကိုဘာလို့ လာတာလဲဆိုတာကို မသိရသေးဘူးဆိုတာကို ရုတ်တရက်သတိရသွားတယ်။

ချန်ရွှမ်းယွမ်  ခုနက  လုကျန်းကို အော်ခဲ့တုန်းက  အတော်လေးမိုက်သလိုပဲ။ ချူယင်းဟာ သူ့ရဲ့ခပ်မိုက်မိုက်အပြုအမူကို မနာလိုမိတယ်။ ဖြစ်နိုင်ရင် သူမက ချန်ရွှမ်းယွမ် နေရာကို ဝိဉာဉ်ကူးပြောင်းလိုက်ချင်မိပြီး အဲ့ခွေးကောင်ကို သူမကိုယ်တိုင် အော်ဟစ်ပစ်လိုက်ချင်မိတယ်။

သူမကိုစိတ်ပူစေတဲ့တစ်ခုတည်းသောအရာက လုကျန်းပဲ။ သူ အရင်က တစ်ခုခုကိုသတိထားမိနေခဲ့ပြီး ဒီနေ့ရဲ့အဖြစ်အပျက်နဲ့ ဆက်စပ်မိသွားလိမ့်မလား? ဒါပေမဲ့  လုကျန်းနဲ့ ချန်ရွှမ်းယွမ်က ဒီဘဝမှာ တစ်ယောက်နဲ့တစ်ယောက် ဘာမှမသက်ဆိုင်တဲ့ မတူညီသောလူနှစ်ယောက်ဖြစ်တယ်ဆိုတာကို တွေးမိလိုက်တယ်။ လူတစ်ယောက်က  ချန်ရွှမ်းယွမ်လို စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတဲ့လူတစ်ယောက်ကို ရုတ်တရက်တွေ့ကြုံလိုက်ပါက အဲ့လူရဲ့ပထမဆုံးအပြုအမူက ခုနက လုကျန်းလိုမျိုးပဲ သူ့ကို ထွက်သွားဖို့ပြောတာ ဖြစ်သင့်တယ်။

ချူယင်း တွေးတောနေတုန်း ခန့်ညားတဲ့အသံတစ်သံကအနောက်ကနေ ထွက်ပေါ်လာတယ်။

“အတန်းဖော်လေး”

ချူယင်းအနောက်လှည့်ကြည့်လိုက်တော့ လုကျန်းရဲ့ဦးလေး လုလင်းယွမ်ဆိုတာကို သူမ မှတ်မိသွားတယ်။ သူမအနေနဲ့ သူ့ကို ဒီမှာ တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

သူမရဲ့အရင်ဘဝတုန်းက လုမိသားစုထဲ မဝင်ခင် ဒီလူနဲ့ တွေ့ဆုံခွင့်ရခဲ့တယ်။ လုမိသားစုမှာ လုလင်းယွမ်က စက်ရုံပိုင်းတွေမှာ တာဝန်ယူရတယ်လို့ပြောကြတယ်။  သူက  ရည်မွန်ပြီး အတော်လေးယဉ်ကျေးတယ်။ ချူယင်းဟာ သူနဲ့ နှစ်ခေါက်လောက်အဆက်အသွယ်ရခဲ့ပြီးနောက် ဒီဦးလေးအပေါ်ကို အမြင်‌ကောင်းတွေ ရှိခဲ့တယ်။

“မင်္ဂလာပါ ကိစ္စရှိလို့လား” ချူယင်းကမေးလိုက်တယ်။

“ဘာမှမဟုတ်ပါဘူး” လုလင်းယွမ်ကအပြုံးလေးတစ်ခုနဲ့အတူပြောလာတယ်။

“ခုနက အဖြစ်အပျက်နားမှာ မင်းရပ်နေတာကို တွေ့လိုက်ပါတယ် လန့်သွားလား”

ဒီစကားက ချူယင်းကို အနည်းငယ်ရှက်သွားစေတယ်။

သူမက မကြောက်မလန့်ရုံသာမက မြိန်ရေရှက်ရေနဲ့ကို ကြည့်နေခဲ့တာလေ။

ချူယင်း ရှက်မိပြန်သည်။ ကား speed  ကို 180mph အထိ ပြောင်းခဲ့တဲ့ သူမရဲ့နတ်ဆိုးဆန်ဆန်မကောင်းမှုကို တွေးမိသွားတဲ့အခါ ရုတ်တရက် လိပ်ပြာမလုံသလိုခံစားရတယ်။လုလင်းယွမ်ကလည်း ကားထဲရှိနေခဲ့တာကို သူမှတ်မိနေပါသေးတယ်။

သူမ ယဉ်ယဉ်ကျေးကျေးလေးပြုံးပြလိုက်ကာ “မလန့်ပါဘူး ကျွန်မရှောင်ခဲ့လိုက်တယ်”

လုလင်းယွမ်က ချူယင်းရဲ့မျက်နှာပေါ်အကြည့်ရောက်သွားရင်း ရယ်မောလာတယ်။ သူတခုခုကို မေးကြည့်လိုက်တော့မဲ့အချိန်မှာပဲ အေးစက်စက်အသံတစ်သံက ကြားဖြတ်လာခဲ့သည်။

“ဦးလေးငယ်”

ချူယင်း နောက်ကိုလှည့်ကြည့်လိုက်တော့ လုကျန်းက အေးတိအေးစက်ရုပ်နဲ့  မလှမ်းမကမ်းမှာ ရပ်နေတာကို သူမြင်လိုက်ရတယ်။

“ဘာလုပ်နေတာလဲ” သူဒါကိုပြောလာတဲ့အခါ လုကျန်းရဲ့မျက်လုံးတွေက ချူယင်းကိုသူသတိမပြုမိတဲ့အတိုင်း  ရွေ့လာခြင်းမရှိပေ။

လုလင်းယွမ်က မျက်ခုံးပင့်သွားပြီးနောက်အပြုံးလေးတစ်ခုနဲ့ ပြောလာတယ်။

“ဒါ မင်းရဲ့အတန်းဖော်မဟုတ်လား ငါ သူနဲ့စကားပြောကြည့်ချင်ရုံပါကွာ”

ချူယင်းက တည်တည်ငြိမ်ငြိမ်ပင်။

“ဒါ ကျွန်တော့်အတန်းဖော်မဟုတ်ဘူး” လုကျန်းက အေးတိအေးစက်ပြန်ဖြေလာပြီးပြောလာခဲ့တယ်။

“တခြားညီမတစ်ယောက်”

“အော အဲ့ဒီလိုလား” လုလင်းယွမ်က ရယ်မောလာပြီး ချူယင်းဘက်လှည့်ကြည့်လာတယ်။

“ဦးလေးအမှားကို ဦးလေးဝန်ခံပါတယ်ဗျာ အတန်းဖော်လ  မင်းနဲ့စကားပြောခွင့်ရတာ ဝမ်းသာပါတယ် မင်းနဲ့လည်း ထပ်တွေ့ခွင့်ရဖို့ မျှော်လင့်ပါတယ်”

ချူယင်းက ယဉ်ကျေးတဲ့အပြုံးလေးတစ်ပွင့်ပေးလိုက်တယ်။

သိပ်မကြာခင် လုကျန်းက လုလင်းယွမ်နဲ့ ဘေးချင်းကပ်ရပ်လျှောက်သွားလေသည်။  လှည့်ထွက်မသွားခင် လုကျန်းရဲ့ မျက်လုံးတွေက ချူယင်းအပေါ်မှာ စက္ကန့်ပိုင်းလောက်ကပ်ညှိနေလေပြီး သူ့မျက်ဝန်းနက်နက်တို့ဟာ အတွေးနင့်နင့်တချို့ ရှိနေတဲ့ပုံပင်။

ဒါပေမဲ့ သိသိသာသာကို ချူယင်းက နားမလည်ခဲ့သလို  ဒီနေ့ည ခွေးကောင်က ထူးဆန်းနေတယ်ဆိုတာကိုပဲ ခံစားခဲ့ရတယ်။

ဦးလေးရော တူရော နှစ်ယောက်စလုံး နားလည်ဖို့ခက်ခဲတယ်...

တစ်ဖက်တွင် ချူချိုးချိုးဟာ သူမရဲ့ရည်ရွယ်ချက်ကအောင်မြင်ခဲ့တယ်။ သူမ ချူယင်းဘက်ကို ပြုံးပြုံးပျော်ပျော် လှည့်လာတုန်းမှာပဲ သူမဘေးက ထွက်သွားတဲ့ လုမိသားစုဝင်နှစ်ယောက်ကို လှမ်းကြည့်လိုက်ကာ ပြောလိုက်သည်။

“မမ နင် ခုနက သူတို့နဲ့စကားပြောနေခဲ့တာလား”

ချူယင်းဟာ သူမက ချန်ရွှမ်းယွမ်ကိုပထုတ်ရာမှာကူညီပေးခဲ့တာကြောင့် အခု ချူချိုးချိုးကို မြင်ရတာ အထူးတလည်ကို ဝမ်းသာနေမိတယ်။

“အော ဟုတ်တယ်လေ~”

ချူချိုးချိုးက သူမကို အကြံပေးလာခဲ့သည်။

“လက်တွေ့ဆန်ဆန်နေကြည့်ဖို့လိုတယ် နင် လုမိသားစုကို ဒီလို ကပ်တွယ်ပြီး အမြင့်တက်ဖို့မှန်းနေမယ်ဆိုရင် တခြားသူတွေက နင့်အကြောင်းအတင်းတုပ်ကုန်ကြလိမ့်မယ်”

ချူယင်း: “…”

ခနနေပါဦး  ပုံမှန်ဆို သူမက ဒီလို အမှိုက်မျိုးနဲ့ဆက်ဆံတာမဟုတ်ပါဘူး။

ဟွေးဝမ်ရဲ့official website ကနေ နောက်ဆုံးတော့ မျှော်လင့်ချက်ရောင်ခြည်ဖလားဆောင်းရာသီလေ့ကျင့်ရေးစခန်းအတွက် ပါဝင်ယှဉ်ပြိုင်နိုင်သူများစာရင်းကို ကြေညာလာခဲ့တယ်။

လူသုံးဦးက နေရာရခဲ့တယ်။ စာရင်း၏အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်သည်။

ဒုတိယနှစ် နိုင်ငံတကာတန်းမှ လုကျန်း၊ ဒုတိယနှစ် အခန်း၅ မှ ချူယင်း၊ ဒုတိယနှစ် အခန်း၁ မှ ဟန်ချူယဉ်

အများသူငှာဝက်ဆိုဒ်မှစာမျက်နှာထွက်လာတဲ့အခါ ထိုစာမျက်နှာဟာ ကလစ်ထောင်ပေါင်းများစွာရရှိလေသည်။ URL link တွေတွဲပြီး ဖိုရမ်တွေမှာ ပြန်တင်ကြတယ်။ အဲ့ပို့စ်က သိပ်မကြာခင်မှာပဲ hot ဖြစ်လာတော့သည်။

13ထပ်: ဝူးဝူးဝူး ငါ ဘာဖြစ်လို့ သင်္ချာမှာ မကြိုးစားမိခဲ့ရတာလဲ ငါကြိုးစားခဲ့ရင် ကျန်းကောနဲ့အတူတူ ဆောင်းတွင်းလေ့ကျင့်ရေးစခန်းကို သွားနိုင်လောက်တယ်!!

20ထပ်:မဟုတ်ဘူး ငါတော့ လုကျန်းသွားလိမ့်မယ်လို့ မထင်ဘူး သူက ဒီတိုင်းကြိုက်လို့ စာမေးပွဲဝင်ဖြေရုံလောက်ပဲ။

22ထပ်: @13ထပ်ကလူရေ မင်းစာကြိုးကြိုးစားစားလုပ်ရင်တောင်မှ သွားနိုင်လောက်မှမဟုတ်ဘူး ဟားဟားဟား

……

30ထပ်:  ဝူးဝူးဝူး ငါ ဘာဖြစ်လို့ သင်္ချာမှာ မကြိုးစားမိခဲ့ရတာလဲ ငါကြိုးစားခဲ့ရင် ချူယင်းနဲ့အတူတူ ဆောင်းတွင်းလေ့ကျင့်ရေးစခန်းကို သွားနိုင်လောက်တယ်!!

34ထပ်: အဲ့ဒီတော့ အပေါ်ထပ်ကလူက ဖန်တစ်ယောက်ပဲလား

40ထပ်: အပေါ်ထပ်က လူတွေရေ ငါရောပဲ ဟီးဟီး

ဟန်ချူယဉ်ဟာ ချူယင်းဖန်ဂဲ‌တွေကြားမှာဒီတစ်ခေါက် ဝင်မပြောတာက ရှားရှားပါးပါးဖြစ်ပြီး သူမကဖုန်းကိုင်ထားရင်း တခစ်ခစ် ရယ်နေတယ်။

အဲ့နောက် ပြန်စာတစ်ခုဝင်ရေးရင်း သူမရဲ့အလွန့်အလွန်စိတ်ကြီးဝင်နေတဲ့အခြမ်းကိုပြသလိုက်တယ်။ “ဟားဟားဟား ငါက ချူယင်းနဲ့ အတူတူဆောင်းတွင်းလေ့ကျင့်ရေးစခန်းကို သွားရတော့မှာ သွေ့သွေ့သွေ့သွေ့!”

ဘုရားရေ သူအရမ်းပျော်တာပဲ!!

သူမ ဝယ်မဲ့ ညဝတ်အင်္ကျီစတိုင်အသစ်တွေတောင်စဉ်းစားပြီးသွားပြီ။

တစ်ဖက်မှာတော့ တရားဝင်ဝက်ဆိုဒ်ကနေ ကြေညာချက်ကို ဖတ်ပြီးနောက် ချူယင်းက သူမရဲ့ လက်တော့ပ်ကို ဒေါသတကြီးပိတ်ချလိုက်တယ်။

——ဒီလို ခံစားချက်မျိုးကို သူမ မှတ်ထားမှာ။ သူမပိုပြီးသန်မာလာပြီး လုကျန်းအပေါ်ကို  ပြင်းပြင်းထန်ထန်လက်တုံ့ပြန်ရမယ်!!!

ချူယင်းက ထိပ်တန်းကျောင်းသူတစ်ဦးဖြစ်သော်လည်း သင်္ချာက သူမရဲ့ အကျွမ်းကျင်ဆုံးဘာသာရပ်မဟုတ်ပေ။  သူမဟာ သင်္ချာပြိုင်ပွဲတွေမှာ အတွေ့အကြုံ လုံးဝမရှိချေ။ အခုလို ပြိုင်ပွဲမှာ သူမနေရာတစ်ခုရလာပေမဲ့ သူမရဲ့ရလဒ်တွေအတွက်တော့ အာမမခံနိုင်သေးဘူး။ သူမက အမြို့မြို့အနယ်နယ် ပြည်နယ်အသီးသီးက ထိပ်တန်းကျောင်းသားကျောင်းသူတွေနဲ့ သေချာပေါက် ရင်ဆိုင်ရလိမ့်မယ်။ နိုင်လိုစိတ်ပြင်းပြမှုတွေက ဟွေးဝမ်မှာထက် ပိုအများကြီးအားကောင်းနေမှာသေချာပေါက်ပဲ။

ဘယ်လိုပဲဖြစ်ဖြစ်စကားလုံးပြောင်းလဲမှုအတွက် အဆင့်မြင့်လုပ်ပိုင်ခွင့်မရရှိသေးတာကြောင့် ချူယင်းရဲ့ စိတ်ပါဝင်စားမှုနဲ့ တိုက်ခိုက်ခြင်းစိတ်ဝိဉာဉ်က    အရမ်းမြင့်မားနေတုန်းပါပဲ။

ချူရှီဟာ သူမ ပြိုင်ပွဲဝင်နေရာရရှိခဲ့တာကို သိလိုက်ရတယ်။ ဆောင်းရာသီလေ့ကျင့်ရေးစခန်းတည်နေရာက B ပြည်နယ်တွင်ဖြစ်ပြီး ချူယင်းက အဲ့ကို လေယာဉ်နဲ့ သွားရမှာပင်။ သူ အရမ်းစိတ်ပူနေမိတယ်။

သူ့ညီမလေးက အမှီအခိုကင်းမဲ့ပြီး ထူးချွန်သော်လည်း သူမက ကျေးလက်ဒေသဘက်မှာ ကြီးပြင်းလာခဲ့ရတာလေ။ သူမအနေနဲ့ ဝေးဝေးလံလံသွားဖူးသေးတာမဟုတ်ဘူး။ ဒါကပဲ သူ့ကို စိတ်ပူစေလေသည်။

ဒါပေမဲ့ လေယာဉ်မှာ သူမနဲ့အတူတူလိုက်ခဲ့မယ်ဆိုတဲ့ သူ့အကြံပြုချက်ကို ချူယင်းက တိုက်ရိုက်ငြင်းချလာတယ်။ လေယာဉ်လက်မှတ်တစ်စောင်ဝယ်ဖို့ပိုက်ဆံသုံးမဲ့အစား သူမအတွက် မေးခွန်း အစုံလိုက်စာအုပ်များများ ဝယ်ပေးတာက ပိုကောင်းတယ်လို့တောင်သူမကပြောလာလေသည်။

သူ့မကျေနပ်ချက် ကိုထွက်ပေါက်မရှာနိုင်ကာ အစ်ကိုဖြစ်သူဟာ ရွေးချယ်စရာမရှ‌ိတော့ဘဲ ချူယင်းအတွက် လေ့ကျင့်‌ခန်းစာအုပ်တစ်ချို့ကိုသာ ဝယ်ပေးလိုက်ရတော့တယ်။

ချူယင်းက မသွားရသေးခင် သူမဟာနေ့တိုင်းကို သင်္ချာပုစ္ဆာတွေမှာပဲ နစ်မြှုပ်နေလေသည်။

ရက်အနည်းငယ်ကြာပြီးနောက်ဆုံးတွင် ချူယင်းဟာ ဇာတ်ညွှန်းထဲက  သူမရဲ့အကြောင်း ဖော်ပြချက်နားရောက်ရှိခဲ့လေသည်။(T/N:အောက်မှာ note နည်းနည်းရှိ)

【လာမဲ့ဆောင်းတွင်းလေ့ကျင့်ရေးစခန်းအတွက် ချူယင်းဟာ နေ့တိုင်းကို လေ့ကျင့်ရမဲ့အခန်းတော်တော်များများလုပ်ခဲ့သည်။ သူမရဲ့ နည်းလမ်းကျကျစဉ်းစားတွေးခေါ်နိုင်စွမ်းက အရမ်းသိပ်မကောင်းတာမလို့ သူမ ဝီရိယရှိရှိနဲ့ ကြိုးကြိုးစားစားကို လေ့ကျင့်လေသည်။ လေ့ကျင့်ခန်းစာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ်ပြီးလာတာနဲ့ အညီ သူမရဲ့ သင်္ချာစကေးက တိုးတက်လာတော့သည်။...နောက်တော့ B ပြည်နယ်ကို ထွက်ခွာရမဲ့အချိန်ကိုရောက်ရှိလာလေသည်။】

——လာပြန်ပြီ! လာပြန်ပြီ! တခါလာလည်းဒါ တခါလာလည်းဒါပဲ!  နည်းလမ်းကျကျစဉ်းစားတွေးခေါ်နိုင်စွမ်းက မှတ်ဉာဏ်ထက် ပိုအရေးကြီးနေတယ်ပေါ့လေ

ဒီတစ်ခေါက်တော့ ချူယင်းအနေနဲ့ ဘယ်သောအခါမှ ထပ်‌ပြီးညင်သာနေတော့မှာမဟုတ်ဘူး။

ငါ့ဘာသာ! ငါ ! အမိုက်စား! Buff ! ထည့်ပစ်မယ်!

ချူယင်းက 【အရမ်းသိပ်မကောင်း】 ဆိုတာကို “သိပ်မကောင်း”ကနေ “ပြီးပြည့်စံု”လို့ပြောင်းပစ်လိုက်တယ်။

သူမရဲ့နည်းလမ်းကျကျစဉ်းစားတွေးခေါ်နိုင်စွမ်းက သိပ်မကောင်းတာမျိုး မဖြစ်သင့်ဘူးလေရော်!!

ဒါဘယ်လောက်ကောင်းသလဲဆိုတာ ကိုယ့်ဘာသာကို ကြည့်လိုက်ကြရအောင်!

ရွှယ်ရှီကျီ : အခွင့်အရေးကြီးကြီးကိုအမိအရ ယူနိုင်တဲ့နေရာမှာ တကယ့်စံပဲ။

မသမာနည်းလမ်းအသုံးပြုပြီးနောက် ချူယင်းအခက်ခဲဆုံးမေးခွန်းကိုကြည့်လိုက်တော့ သူမရဲ့ တွေးခေါ်ပုံကအလွန်ကိုရှင်းလင်းသေသပ်နေတယ်။ မေးခွန်းတွေက ပျော်စရာကောင်းတယ်။  သူမရဲ့ခါးညောင်းတာမျိုးလည်းမရှိ‌နိုင်တော့သလို ခြေထောက်လည်းမကျင်နိုင်တော့ဘူး။

ရလဒ်အနေနဲ့ကတော့ သူမရဲ့ပုစ္ဆာဖြေရှင်းနည်းလမ်းအရှိန်က  စာအုပ်ကြီးတစ်အုပ်ကို ဝါးစားနေတဲ့အတိုင်းပဲ။

နောက်နှစ်ရက်အကြာတွင် ချူရှီက သူမကို လာတွေ့ပြီး စားပွဲခုံပေါ်မှာ ပြန့်ကျဲနေတဲ့ သူမရဲ့ အညိုရောင် ဆံပင်မွေး (အကျွတ်)တွေကို ရှင်းလင်းပေးလေသည်။ သုန်မှုန်နေတဲ့မျက်နှာထားနဲ့ ပြောလာတယ်။

“ယင်းယင်း  ကိုကို့အထင် မင်း ဦးနှောက်ကို အလွန်အကျွံသုံးထားတာ ဟုတ်တယ်မဟုတ်လား”

ချူယင်းဟာ စာအုပ်ကနေ သူမရဲ့တောက်ပနေတဲ့ မျက်လုံး‌ေ‌လးကို ပင့်ကြည့်လာကာ နားလည်ရန်ခက်တဲ့ အပြုံးလေးတစ်ပွင့် ပြသလာသည်။

“ညီမလေး  အမွေးတွေကျွတ်ပြီး ပြောင်သွားလေလေ ပိုသန်မာလာလေလေပဲ”

……

နောက်ဆုံးတော့ အနှီနေ့ကိုရောက်လာတဲ့အခါ သူမရဲ့အစ်ကိုက  ဆံပင်ပေါက်ဆေးပစ္စည်းတစ်ခုကို သူမရဲ့ ခရီးဆောင်အိတ်ထဲထည့်ဖို့  သူမဆီယူလာခဲ့သည်။

သူမ ထိပ်မပြော‌င်သေးပါဘူး။ သူမရဲ့ဆံပင်ကအကောင်းကြီးပဲရှိသေးတယ်။ ဒါပေမဲ့ သူမရဲ့အစ်ကိုကတော့ အဲ့တာနဲ့ပတ်သက်ပြီးအရမ်းကိုစိုးရိမ်နေလေသည်။

ချူရှီက သူမအားလေဆိပ်ကိုလိုက်ပို့ပြီး လုံခြုံရေးစစ်ဆေးတဲ့ဆီကိုသွားတဲ့အထိသူမကိုစောင့်ကြည့်နေလေသည်။ သူ အလွန်ဝမ်းနည်းနေသလိုခံစားရတယ်။ သမီးဖြစ်သူကို လက်ထပ်ပေးခဲ့လိုက်ရတဲ့အဖေတစ်ယောက်အတိုင်းပဲ။ ‌ကံကောင်းစွာနဲ့ တစ်စုံတစ်ယောက် က နောက်နှစ်ရက်နေရင် သူ့ညီမလေးကို သူ့အစား ဂရုစိုက်ပေးနိုင်ဖို့ B ပြည်နယ်ကို သွားလိမ့်မယ်။

ချူယင်းက ဝင်ပေါက်ကနေ ခေါင်းလှည့်လာပြီး ချူရှီကို လက်ယမ်းပြကာ သူမရဲ့အထုပ်ကို ကိုင်လျက်ဝင်သွားလိုက်သည်။

ဒါကနှစ်နာရီခရီးစဉ်အတိုလေးပင်ဖြစ်သည်။ ချူယင်း လေယာဉ်ပေါ်မှာ တရေးတမောအိပ်ပြီးနောက် ဆိုက်ရောက်လာလေသည်။

ဟန်ချူယဉ်က သူမကို WeChat မှာ  အဆောင်မှာ သူတို့ရဲ့အိပ်ရာနေရာရွေးနိုင်ဖို့   စောစောရောက်နေတယ်လို့  မက်ဆေ့ခ်ျပို့ထားလေသည်။

သူမရဲ့စကားလုံးတွေထဲကစိတ်လှုပ်ရှားမှုတွေမြင်နေရတယ်။ [နင့်ကိုစောင့်နေတယ်!!!!] [ နင့်အတွက် အိပ်ရာပြင်ပေးဖို့မစောင့်နိုင်တော့ဘူးးး!!!] [မြန်မြန်လာခဲ့တော့!!!]

ချူယင်း မရယ်ဘဲမနေနိုင်တော့။ သူမရဲ့စိတ်အခြေအနေကလည်း ကောင်းနေတယ်။

ဇာတ်ညွှန်းအရဆို ခွေးကောင်လုကျန်းက ဒီရက်ပိုင်းလှုပ်လှုပ်ရှားရှားလုပ်တာမျိုးဘာမှသိပ်မရှိဘူး။ သူ ဝင်ပြိုင်မှာလားမပြိုင်တော့ဘူးလားဆိုတာကို သူမ မသိချေ။

နောက်ဆုံးစာမေးပွဲရလဒ်ကြောင့် သူမဟာ system ရဲ့ ဆုနဲ့ လွဲခဲ့ရတာ။ အဲ့လို မှမဟုတ်ရင် သူမကို စာကြောင်းပြောင်းလဲခွင့်ပေးလာလိမ့်မှာ။ အဲ့ဒီလိုသာဆို  ကြောက်နေစရာကို မလိုတော့ဘူး။ သူမက တခါတည်း လုကျန်းကို  【အိမ်မှာအိပ်လိုက်စားလိုက်နဲ့ ဆောင်းတွင်းလေ့ကျင့်ရေးစခန်းဆယ်ရက်တာကို မမီလိုက်ချေ】ဆိုပြီး ပြောင်းထည့်ပေးပစ်လိုက်မှာ။

ချူယင်း လေယာဉ်ပေါ်ကဆင်းပြီး ခရီးဆောင်အိတ်ကို ယူကာ လမ်းဘေးက တက္ကစီတစ်စီး ငှားလိုက်တယ်။

မျှော်လင့်ချက်ရောင်ခြည်ဖလား ဆောင်းရာသီလေ့ကျင့်ရေးစခန်း က B ပြည်နယ်ရဲ့ တက္ကသိုလ်မှာ အခြေစိုက်သည်။ ဟန်ချူယဉ်ပို့လာတဲ့ ဓာတ်ပုံတွေကိုကြည့်ရသလောက် အခြေအနေကသိပ်မဆိုးပါဘူး။ပြီးတော့  ချူယင်းက ကျေးလက်ဒေသဘက်မှာ ကျောင်းတက်ခဲ့ရပြီး အိပ်ခန်းတစ်ခန်းကို လူရှစ်ယောက်လောက်နဲ့အချိန်တော်တော်ကြာကြာနေခဲ့ရဖူးသည်။ ဒီလို လေးယောက်အိပ်စရာနဲ့စားပွဲခုံထိုင်ခံုပါရှိတဲ့ အိပ်ခန်းမျိုးက သူမအတွက်တော့ လုံးဝကို လက်သင့်ခံနိုင်လေသည်။

တက္ကစီပေါ်က ဆင်းပြီးနောက် လက်ဆွဲအိတ်ကို ယူကာ H တက္ကသိုလ် ဂိတ်ပေါက်ဆီကို လျှောက်လှမ်းသွားလိုက်သည်။ သူမက ကျောင်းက ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်ကြီးကို မြင်လိုက်ရတယ်။

“ 20ကြိမ်မြောက် မျှော်လင့်ချက်ရောင်ခြည်ဖလား ဆောင်းရာသီလေ့ကျင့်ရေးစခန်းမှ  ပြည်နယ်အားလုံးကကျောင်းသားကျောင်းသူများအားကြိုဆိုပါသည်!”ဟူ၍ပင်။

ချူယင်း ရှေိ့သို့လျှောက်လှမ်းလာပြီးသိပ်မကြာလိုက်ခင် စာရင်းပေးရမဲ့နေရာကို မြင်လိုက်ရတယ်။

သူမ ရောက်လာလာချင်း ကျောင်းသူတွေကသူတို့အချင်းချင်း လက်တို့ကြလေသည်။

“အဲ့မှာကြည့်  ကြည့်”

ဘေးနားကတစ်ယောက်က‌မော့ကြည့်တော့ အသက်ရှုရပ်မ‌တတ်ပင်။“!!!”

ဖြူစင်ပြီး ငယ်ရွယ်တဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်က သူမဆီကို လျှောက်လှမ်းလာလေသည်။ ဘုရားရေ!!

ချူယင်း သူတို့ဆီကို လျှောက်သွားလိုက်တော့ ကျောင်းသူနှစ်ယောက်ရဲ့ မျက်လုံးတွေက တောက်ပနေပြီး သူတို့ရဲ့မျက်နှာက စိတ်လှုပ်ရှားမှုတွေနဲ့အတူ နီမြန်းနေတယ်။

“ညီမလေး  မင်းက ဆောင်းရာသီလေ့ကျင့်ရေးစခန်းမှာ ပါဝင်တာလား မင်းနာမည်က ဘာလဲ ဘယ်ကျောင်းကလဲ”

“ချူယင်း”  သူမရဲ့ခေါင်းကို နည်းနည်းစောင်းကာသူမအပြုံးလေးတစ်ပွင့်နဲ့ပြောလိုက်တယ်။  “ဟွေးဝမ်ကိုယ်ပိုင်အထက်တန်းကျောင်းကပါ”

အနှီစီနီယာကျယ်ကျဲ နှစ်ယောက်ရဲ့ နှလုံးသားတွေဟာ ပြင်းပြင်းထန်ထန်  တဒုန်းဒုန်းနဲ့ ခုန်နေပြီး  ဒီညီမလေးက အရမ်းကိုဖြူဖြူစင်စင် နူးနူးညံ့ညံ့လေး လှတယ်လို့ တွေးနေမိတယ်။

“မင်းအတွက် အဆောင်အိပ်ခန်းကဖြည့်သွင်းပေးထားပြီးပြီ ဒါ မင်းရဲ့သော့ပဲ”  ပစ္စည်းကို သူမလက်ထဲ လှမ်းထည့်ပေးရင်း မျက်နှာလေးဟာ နီရဲနေသည်။

“ဒီအိတ်ထဲမှာ ကျောင်းဝင်းမြေပုံရယ် အချိန်ပြဇယားရယ် ပြီးတော့ ရှိပါသေးတယ်  မိတ်ဆက်စာအုပ်ရောပဲ မင်းဘာသာမင်းသိမ်းထားနော်~”

ချူယင်းက အပြုံးလေးနဲ့အတူ ခေါင်းကိုညိတ်ပြလာသည်။ “ကျေးဇူးပါ ကျယ်ကျဲတို့”

သူမလှည့်ထွက်ပြီး မြေပုံအတိုင်း အိပ်ခန်းရှိရာ အဆောက်အဦးဘက်ဆီကို လျှောက်လှမ်းသွားတဲ့အခါ အနှီကျောင်းသူတွေက  ချက်ချင်းကို စပြီးစကားပြောကြလေသညါ။

“ဒါက တအားလှတဲ့  IDဓာတ်ပုံထဲက ညီမလေးပေါ့လေ”

“ငါ အစက အဲ့တာက  edit  ကြီးလို့ ထင်ခဲ့တာ သူက အဲ့ထက်တောင်ပိုပြီးလှနေမယ်လို့ မထင်ထားခဲ့ဘူး”

“ငါရောပဲ တောင့်မခံထားနိုင်တော့ဘူး”

“အားးး ငါဘယ်လိုလုပ်ရမလဲ IDကတ်ထဲက တအားချောတဲ့ မောင်လေးကိုလည်း ငါမျှော်မိနေတာကိုလေ”

ချူယင်းက သိပ်ဝေးဝေးမရောက်သေးတာမလို့ အဲ့စကားကိုကြားလိုက်ရတယ်။

“ဟုတ်တယ်ဟယ် သူကလည်း အရမ်းချောတာပဲ”

“ဒီခေတ် ကလေးတွေက ဘာဖြစ်နေကြတာလဲ သူတို့တွေအားလုံးက တအားကို အချောအလှလေးတွေချည်းပဲ ”

“ငါ့အထင် သူတို့နှစ်ယောက်စလုံးက ကျောင်းဝင်းထဲမှာ ပွက်လောရိုက်စေလိမ့်မယ်”

ချူယင်း: “…”

သူမက  system ကို လှမ်းတို့ကာ “အဲ့ဒီ ချောလှပါတယ်ဆိုတဲ့ မောင်လေးဆိုတာကလေ ဟိုခွေးကောင်လုကျန်း  ဖြစ်နိုင်ချေ ဘယ်လောက်လောက်ရှိလဲ”

ရွှယ်ရှီကျီက အရှိကိုအရှိတိုင်းပြောလိုက်တယ်။

“၉၉ရာခိုင်နှုန်းလောက်ပေါ့”

ချူယင်း: “…”

သူမလက်ထဲက အချိန်ပြဇယားကိုငုံ့ကြည့်လိုက်တယ်။ဇယားအရတတိယမြောက်နေ့မှာ  level စစ် စာမေးပွဲ တစ်ခုရှိလိမ့်မယ်။

ရွှယ်ရှီကျီ: 「ဒင်! System task  အသစ်ပါ~ [level စစ် စာမေးပွဲမှာ Top 5 အတွင်းအရယူပါ ၎င်းတွင် ကြယ်လေးပွင့်အဆင့်ရှိအခက်အခဲညွှန်းကိန်းရှိပါတယ်။ task  ပြီးမြောက်သွားတဲ့နောက် စာကြောင်းပြောင်းလဲခွင့် ကို ရရှိပါလိမ့်မယ်~」

သူမ နောက်ဆုံးစာမေးပွဲ တုန်းက task  ကိုတစ်ကြိမ် ကျရှုံးခဲ့တယ်။ ဒါပေမဲ့ အခုတော့ သူမ အဲ့ဒီလို ဘယ်တော့မှ ထပ်အဖြစ်ခံလိမ့်မှာမဟုတ်ဘူး။

ချူယင်းရဲ့ အပြုံးဟာ တဖြည်းဖြည်းနဲ့ မူမမှန်ဖြစ်လာလေသည်။

ခွေးကောင် နင်လာရဲလာကြည့်စမ်း

နင်လာရင် ငါနင့်ကိုကြိတ်မှာ

အဟီးဟီးဟီး။


Note:

* ရက်အနည်းငယ်ကြာပြီးနောက်ဆုံးတွင် ချူယင်းဟာ ဇာတ်ညွှန်းထဲက  သူမရဲ့အကြောင်း ဖော်ပြချက်နားရောက်ရှိခဲ့လေသည်။*

ဒီနားက ပြောရမယ်ဆိုရင်လေ အခန်း၁မှာ ဇာတ်ညွှန်းစာအုပ်လှန်တယ်လို့ ပြောသွားတာကနေ  ဆက်စပ်ကြည့်ရမှာပဲ။  ဇာတ်ညွှန်းစာအုပ်ကကွာ တစ်ရွက်ချင်း သူ့ဘာသူ လှန်သွားတာ။ အနောက်ထိ ကျော်ကြည့်မရလောက်ဘူး။ ချူယင်း စာလုံးကိုပြင်မယ်ဆိုရင်တောင် အဲ့အဖြစ်အပျက် မဖြစ်ခင်လောက်အလိုမှာပဲ ဇာတ်ညွှန်းက ကျလာတဲ့သဘောပဲ။ ရှေ့လဲကျော်ကြည့်မရတာမို့ သူက အဲ့နေရာမရောက်ခင် စောင့်လိုက်ရသေးတယ်ဆိုတဲ့သဘောမျိုးပါ။


Thanks for READING 🩵

ဇာတ်လိုက်ရဲ့အချစ်ဦး 『𝖢𝖮𝖬𝖯𝖫𝖤𝖳𝖤𝖣』Hikayelerin yaşadığı yer. Şimdi keşfedin